ဒေါ်အောင်ဆန်းစုကြည် ကိုယ်ထိလက်ရောက်တိုက်ခိုက်ခံရမှုအယူခံ ထပ်မံပယ်ချခံရ

RFA Burmese
2023.01.12
Share on WhatsApp
Share on WhatsApp
ဒေါ်အောင်ဆန်းစုကြည် ကိုယ်ထိလက်ရောက်တိုက်ခိုက်ခံရမှုအယူခံ ထပ်မံပယ်ချခံရ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အား ၂၀၁၆ ခုနှစ်က တွေ့ရစဥ်။
RFA

ခြံအမှတ် (၅၄) နေအိမ်ပြင်ဆင်မှု အငြင်းပွားချိန် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်း စုကြည်ရဲ့ မောင်တစ်ဝမ်းကွဲတော်စပ်သူ ဦးစိုးအောင်က ကိုယ်ထိလက်ရောက် လက်သီးနဲ့ ထိုးခဲ့တဲ့ အမှုအတွက် ဒေါ်အောင်ဆန်းစုကြည်ဘက်က ရာဇဝတ်ပြင်ဆင်မှု တက်ထား တာကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဇန်နဝါရီ ၁၁ ရက်နေ့က ပယ်ချလိုက် တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက RFA ကို ဒီနေ့ပြောပါတယ်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမှုကို လက်ခံမကြားနာဘဲ ပယ်ချလိုက်တာကြောင့် ကာယကံရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ရှေ့နေတွေ တွေ့ဆုံပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ညွှန်ကြားချက်အတိုင်း ဆက်လက်လုပ်ဆောင်မယ်လို့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဦးစိုးအောင်ဟာ အရင် စစ်အစိုးရလက်ထက် ၂၀၀၂ ခုနှစ် မေလ ၈ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ကို အသိမပေးဘဲ ခြံအတွင်းက နေအိမ်ကို ပြင်ဆင်ဖို့ အလုပ်သမားတွေ ခေါ်လာတဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်က ကန့်ကွက်ပြောဆိုချိန်မှာပဲ ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်ထိလက်ရောက် လက်သီးနဲ့ ထိုးခဲ့တာပါ။

ဒီအမှုနဲ့ ပတ်သက်လို့ အဲဒီအချိန်တုန်းက နှစ်ဖက်အပြန်အလှန် တရားစွဲဆိုခဲ့ကြပြီး ဗဟန်း မြို့နယ် တရားရုံးက ဒေါ်အောင်ဆန်းစုကြည်ကို ငွေဒဏ် ၅၀၀ ကျပ်၊ ဦးစိုးအောင်ကို ငွေဒဏ် ၁၀၀၀ ကျပ် အမိန့်ချခဲ့တာပါ။

အဲဒီအမိန့်အပေါ် ဒေါ်အောင်ဆန်းစုကြည်က လက်မခံနိုင်တဲ့အတွက် ငွေဒဏ်မဆောင်ခဲ့ဘဲ ခရိုင်အဆင့် အယူခံ တင်သွင်းထားတာဖြစ်ပြီး နှစ်ပေါင်းများစွာ ကြားနာဆုံးဖြတ်တာ မလုပ်ဘဲ ဆိုင်းငံ့ထားခဲ့ပါတယ်။

ပြစ်ဒဏ်ချထားမှုကို နှစ်ပေါင်း ၂၀ ကြာတဲ့အချိန် ၂၀၂၂ မေလ ၂၇ ရက်နေ့က ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံးက မူလပြစ်ဒဏ်တွေအတိုင်း အတည်ပြုပေးလိုက်တာကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက တိုင်းအဆင့်ကို ဆက်တက်ခဲ့ပါတယ်။

တိုင်းအဆင့်က ၂၀၂၂ စက်တင်ဘာ ၆ ရက်နေ့မှာ ပယ်ချခဲ့တာကြောင့် အထက်တရားရုံး ဖြစ်တဲ့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို ဆက်တက်တဲ့အခါမှာလည်း ထပ်မံ ပယ်ချခံခဲ့ရတာပါ။

တက္ကသိုလ်ရိပ်သာလမ်း အမှတ် (၅၄) မှာရှိတဲ့ နေအိမ်နဲ့ ခြံဝင်းဟာ ဒေါ်အောင်ဆန်း စုကြည်နဲ့ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးတို့ အမွေဆိုင်ခွဲဝေမှုနဲ့ ပတ်သက်ပြီး ကာလကြာ ရှည် အငြင်းပွားနေခဲ့ပြီး ၂၀၂၂ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့ကတော့ ဦးအောင်ဆန်းဦးရဲ့ အထူး အယူခံကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်က အနိုင်ပေးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် အမှုပေါင်း ၁၉ မှုနဲ့ ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံထားရပါတယ်။ ဒီအမှုတွေကိုလည်း အယူခံအဆင့်ဆင့် ဆက်တက်နေတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Kyaw min
2023-01-12 10:18

Very good 👍👍👍👍