ဒေါ်အောင်ဆန်းစုကြည်ကို အဂတိတစ်မှု ထပ်တိုး၊ စုစုပေါင်း အမှု ခုနစ်ခုနဲ့ စွဲထား

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှု ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မနေ့က ဇွန် ၉ ရက်နေ့မှာ၊ စစ်ကောင်စီက အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ (၅၅) နဲ့ နောက်ထပ် အမှုတစ်ခု ထပ်တိုးလိုက်တယ်လို့ ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

ဒါကြောင့် စစ်ကောင်စီကနေ ဒေါ်အောင်ဆန်းစုကြည်ကို စွဲထားတဲ့အမှု စုစုပေါင်း ခုနစ်ခု ရှိပြီဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ဇွန်လ ၁၀ ရက်နေ့ သတင်း ထုတ်ပြန်ချက်မှာတော့ စစ်ဆေးတွေ့ရှိချက်တွေအရ ဒေါ်အောင် ဆန်းစုကြည်ဟာ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းထံကနေ အမေရိကန်ဒေါ်လာ ခြောက်သိန်းနဲ့ အကယ်ဒမီ အခေါက်ရွှေ ခုနစ်ပိဿာကို တန်စိုးလက်ဆောင်အဖြစ် ရယူခဲ့သလို၊ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း (ရုံးချုပ်) ဖွင့်ဖို့ ရန်ကုန်ရှိ တက္ကသိုလ်ရိပ်သာလမ်း အမှတ်(၆၀)က မြေ (၁.၈၆) ဧက နဲ့ အဆောက်အအုံကို လုပ်ထုံးလုပ်နည်းတွေကို ချိုးဖောက်ပြီး ငှားရမ်းခဲ့တာကြောင့် နိုင်ငံအတွက် ကျပ်သန်း ၅,၂၀၀ နစ်နာခဲ့တယ် လို့လည်း စွပ်စွဲထားပါတယ်။

ဒါ့အပြင် နေပြည်တော်က လရောင်တော စိုက်ပျိုးသက်မွေးပညာ သင်တန်းကျောင်း အတွက် နိုင်ငံပိုင်မြေ ၁၂၅ ဧကကျော်ကို ငှားရမ်းရာမှာ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်ခဲ့တာ မဟုတ်လို့ နိုင်ငံတော်က ကျပ် ၁၉ ဘီလီယံကျော် နစ်နာခဲ့သလို၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် ပြည်သူလူထု လှူဒါန်းငွေကျပ် တစ်ဘီလျံ ခွဲကျော်ကို ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်အတွက် သုံးစွဲခဲ့တယ်လို့ စစ်ကောင်စီ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အဲဒီ တွေ့ရှိချက်တွေဟာ အဂတိလိုက်စားမှု ဖြစ်တာကြောင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ (၅၅)နဲ့ အမှုဖွင့်ထားပြီး တရားစွဲဖို့ စီစဉ်နေတယ်လို့လည်း စစ်ကောင်စီက ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်ရဲစခန်းမှာ အမှုဖွင့်ထားတယ်ဆိုတာကိုတော့ အတိအကျ မသိရသေးဘူးလို့ အမှုလိုက်ရှေ့နေတွေက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဒေါ်မင်းမင်းစိုး
(ZARNI)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဒေါ်မင်းမင်းစိုးကတော့ အဂတိမှုအတွက် ရှေ့နေပါဝါရဖို့ ကြိုးစားသွားမှာ ဖြစ်သလို အကောင်းဆုံး ပြင်ဆင်သွားမယ်လို့ RFA ကို ပြောပါတယ်။

"အမှုနဲ့ ပတ်သက်တဲ့ အချက်အလက်တွေနဲ့ သူတို့စွဲတယ်ဆိုတဲ့ အကြောင်း အရာက အမှုတွဲကို ကျွန်မတို့ ကြည့်ပြီးမှ ဘယ်အကြောင်းအရာပေါ် မူတည် ပြီး သူတို့ စွဲထားတာလဲဆိုတာကို ကြည့်ပြီးမှ ကျွန်မတို့ သိရမှာပါ။ စနေနေ့ကျ ရင်တော့ ကျွန်မတို့ ရှေ့နေအဖွဲ့ အကုန်လုံးစုပြီး အဲဒီအမှုတွေနဲ့ ပတ်သက်ပြီး ပြောဆိုကြဖို့ရှိပါတယ်" လို့ တရားလွှတ်တော် ရှေ့နေဒေါ်မင်းမင်းစိုးက ပြောပါတယ်။

ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက် စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန်သွင်းကုန် ဥပဒေ ပုဒ်မ (၈)၊ ဆက်သွယ်ရေးပုဒ်မ (၆၇)၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုကို ပျက်ပြားအောင် လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ)၊ နိုင်ငံတော်သစ္စာဖောက်မှုနဲ့ ပတ်သက်ပြီး သတင်းထိန်ချိန်မှု ပုဒ်မ ၁၂၄ ရဲ့ ပုဒ်မခွဲ (က) ဖြစ်တဲ့ နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ သဘာဝဘေးအန္တရာယ် ပုဒ်မ (၂၅) နဲ့ အဂတိလိုက်စားမှု ပုဒ်မ (၅၅) အပါအဝင် စုစုပေါင်းအမှု ခုနစ်ခုနဲ့ တရားစွဲခံထားရတာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ဒီကနေ့ ဇွန် ၁၀ ရက်ထုတ်ပြန်ချက်အရ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နေပြည်တော် မြို့တော်ဝန်ဖြစ်တဲ့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးနဲ့ နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင် ဦးမင်းသူ တို့ဟာလည်း၊ လရောင်တော စိုက်ပျိုးသက်မွေး ပညာသင်တန်းကျောင်း စီမံကိန်းအမှုမှာ ပါဝင်ပက်သတ်ခဲ့တဲ့အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅၊ ပုဒ်မ (၆၃) တို့နဲ့ အမှုဖွင့်ထားတယ်လို့ ဖော်ပြခဲ့ပါတယ်။

သူတို့ သုံးဦးစလုံးဟာလည်း ဖေဖေါ်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးချိန်မှာ နှစ်လအတွင်း ရက်အနည်းငယ် စီခြားပြီး ဖမ်းဆီးခံထားရတာဖြစ်ပါတယ်။