စကော့တလန်နိုင်ငံ Dundee ဒန်းဒီးမြို့ လွှတ်တော်အမတ် Chris Law ကရစ်လောက နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အပ်နှင်းထားတဲ့ ဒန်းဒီး မြို့တော်လွတ်မြောက်ရေးဆုကို ပြန်လည်ရုပ်သိမ်းဖို့ အချိန်ကျပြီလို့ မနေ့က ပြောကြားလိုက်ပါတယ်။
ရခိုင်ပြည်နယ်က ရိုဟင်ဂျာမွတ်စလင်တွေအပေါ် မြန်မာအစိုးရက ဖိနှိပ်မှုတွေကို အရေးယူတဲ့အနေနဲ့ အခုလို ဆုကို ရုပ်သိမ်းဖို့ ဒန်းဒီးမြို့တော်ကောင်စီကို သူစာရေးသားတင်ပြမယ်လို့လည်းဆိုပါတယ်။
ရခိုင်ပြည်နယ်ကို သွားရောက်ကြည့်ရှုပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာအာဏာပိုင်တွေနဲ့ ဆွေးနွေးဖို့ အတွက် ကရစ်နဲ့ တခြား ဥရောပ လွှတ်တော်ကိုယ်စားလှယ်တွေက ဗီဇာတောင်းခံခဲ့တာကို မြန်မာအစိုးရ က ငြင်းပယ်ခဲ့တဲ့အတွက် သူက အခုလို ပြောကြားတာဖြစ်ပါတယ်။
သူတို့ ကိုယ်စားလှယ်အဖွဲ့အနေနဲ့ မြန်မာနိုင်ငံဖွံ့ဖြိုးရေအတွက် ဗြိတိန်နိုင်ငံကပေးထားတဲ့ ပေါင်စတာလင်ငွေ သန်း ၁ဝဝ နဲ့ဲ ဆောင်ရွက်နေတဲ့ စီမံကိန်းဒေသတွေကိုလည်း သွားရောက်ကြည့်ရှုဖို့ စီစဉ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ မြို့တော်လွတ်မြောက်ရေးဆုကို ဒန်းဒီးမြို့တော်ကောင်စီက၂ဝဝ၈ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။