ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးဖို့ Oxford St. Huge ကျောင်းအုပ် တောင်းဆို

RFA Burmese
2025.01.01
ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးဖို့ Oxford St. Huge ကျောင်းအုပ် တောင်းဆို ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့က နေပြည်တော်တွင် တွေ့ရစဉ်။
MYANMAR STATE COUNSELLOR OFFICE

ဖမ်းဆီးခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ပညာသင်ကြားခဲ့တဲ့ ဗြိတိန်နိုင်ငံ Oxford တက္ကသိုလ် St. Huge ကောလိပ် ကျောင်းအုပ်ဆရာမကြီး Lady Elish Angiolini က စစ်ကောင်စီထံ စာရေးသားတောင်းဆိုလိုက်ပါတယ်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီဟောင်း သုံးယောက်က ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးဖို့ တိုက်တွန်းတာကို St. Huge ကောလိပ် ကျောင်းအုပ်ကြီးက ထောက်ခံတဲ့အကြောင်းလည်း ဗြိတိန် Independent သတင်းက ဇန်နဝါရီ ၁ ရက်မှာ ဖော်ပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးဟောင်း William Hague၊ Sir Malcolm Rifkind နဲ့ Jack Straw တို့က တိုက်တွန်းထားတာပါ။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်အာဏာရှင်က အမှုတွေဆင်ပြီး အကျဉ်းချထားတဲ့အကြောင်း၊ သူဟာ မြန်မာနိုင်ငံကို ဒီမိုကရေစီနည်းကျကျ ဦးဆောင်ဖို့ ထိုက်တန်သူ ဖြစ်ကြောင်း ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးဟောင်း William Hague၊ Sir Malcolm Rifkind နဲ့ Jack Straw တို့က ပြောထားပါတယ်။

ရိုဟင်ဂျာတွေ အကြမ်းဖက်ခံရမှုမှာ ဒေါ်အောင်ဆန်းစုကြည်က ဆန့်ကျင်ကြောင်း ထုတ်ဖော်မပြောကြားတဲ့အတွက် နိုင်ငံတကာက သူ့ကို အမျိုးမျိုးရှုမြင်ပါတယ်။

ဒေါ်အောင်စုကြည်ရဲ့ ဘဝအတက်အကျ အနိမ့်အမြင့်ကို ပုံဖော်ပြတဲ့ “Cancelled : The rise and fall of Aung San Suu Kyi” မှတ်တမ်း ရုပ်ရှင်မှာ နိုင်ငံခြားရေးဝန်ကြီးဟောင်း William Hague လည်း ပါရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လန်ဒန်ကို ၂၀၁၂ လာရောက်ချိန်က William Hague က နိုင်ငံခြားရေးဝန်ကြီးအဖြစ် ကြိုဆိုခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောဆိုဆောင်ရွက်ခဲ့တဲ့ အကြောင်းအရာတွေကို ကျွန်တော်တို့ လက်ခံနိုင်ကောင်းမှ လက်ခံနိုင်ပါမယ်လို့ William Hague က မှတ်တမ်းရုပ်ရှင်ထဲမှာ ပြောကြားပါတယ်။ ဒါပေမဲ့ သူဟာ မျိုးဆက်တစ်ဆက်မှာ မြန်မာ့ဒီမိုကရေစီရေးအတွက် အားအကောင်းဆုံးဖြစ်ပါတယ်။ ဒီမိုကရေစီအတွက် သူဟာ အင်အားဖြစ်တဲ့အတွက်လည်း ထောင်သွင်းအကျဉ်းကျခံရတာပါလို့ William Hague က ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်နိုင်ပါတယ်။ ဒါပေမဲ့ သူလွတ်မြောက်ရေးအတွက် ကျွန်တော်တို့ စည်းရုံးလှုံ့ဆော်လှုပ်ရှားသင့်တယ်လို့လည်း သူကပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။