ဒေါ်အောင်ဆန်းစုကြည် နေအိမ် တတိယအကြိမ် လေလံတင် ရောင်းချမှု မအောင်မြင်

RFA Burmese
2025.02.04
ဒေါ်အောင်ဆန်းစုကြည် နေအိမ် တတိယအကြိမ် လေလံတင် ရောင်းချမှု မအောင်မြင် ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ် (၅၄) အား ၂၀၂၄ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ရန်ကုန်တိုင်း ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းက အမွေဆိုင် အငြင်းပွားမှုရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံအမှတ် (၅၄) နဲ့ နေအိမ်ကို ဖေဖော်ဝါရီလ ၅ ရက် ဒီနေ့မှာ လေလံကြမ်းခင်းဈေး ကျပ်ငွေ ၂၉၇ ဘီယီလံနဲ့ လေလံတင်ရောင်းချခဲ့ပေမဲ့ ဝယ်ယူသူမရှိတာကြောင့် လေလံပွဲ မအောင်မြင်ပဲ ပြီးဆုံးသွားပါတယ်။

ဒီနေ့ လေလံပွဲနဲ့ ပတ်သက်တဲ့ ကိစ္စတွေကိုတော့ ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ပြုလုပ်မဲ့ ကမာရွတ်ခရိုင် တရားရုံးချိန်းမှာ လေလံအရာရှိက အစီရင်ခံစာ တင်ပြရမယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒီအိမ်နဲ့ ခြံကို ၂၀၂၄ ခုနှစ် မတ်လ ၂၀ ရက်နေ့မှာ ကျပ်ငွေ ၃၁၅ ဘီလီယံနဲ ပထမကြိမ်၊ ဩဂုတ်လ ၁၅ ရက်နေ့မှာ ကျပ်ငွေ ၃၀၀ ဘီလီယံနဲ့ ဒုတိယအကြိမ် လေလံတင်ခဲ့ပေမဲ့ ဝယ်ယူသူ မရှိတာကြောင့် လေလံပွဲ မအောင်မြင်ခဲ့ပါဘူး။

အမှုနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ဆန်းဦးတို့ရဲ့ ရှေ့နေအဖွဲ့ နှစ်ဖက်စလုံးက ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်မယ်လို့ ပြောဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မရသေးတာ၊ ဒေါ်အောင်ဆန်းစုကြည် မသိရှိသေးဘဲ လေလံဆွဲခွင့်ပေးတာ စတဲ့ ဥပဒေနဲ့မညီညွတ်တဲ့ အချက်တွေကြောင့်ဆိုပြီး လေလံဆွဲရောင်းချတဲ့ ကြမ်းခင်းဈေးကိစ္စကို အကြိမ်ကြိမ် ကန့်ကွက်ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရသူ စစ်ကောင်စီ တာဝန်ရှိသူတွေထံ တရားဝင် တင်ပြတောင်းဆိုထားပေမဲ့ ဒီနေ့အထိ တွေ့ခွင့်မရသေးဘူးလို့လည်း ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဒီအိမ်နဲ့ ခြံကို အမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ထားတာကြောင့် ပုဂ္ဂလိကပိုင်အဖြစ် ရောင်းချတာတွေလုပ်ရင် အရေးယူမယ်လို့ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။