အဂတိလိုက်စားမှုတွေကို တိုင်ကြဖို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား


2017.12.29
dassk-kayah-622 ကယားပြည်နယ် လွိုင်ကော်မြို့မှာ ၂ဝ၁၇ ဒီဇင်ဘာလ ၂၉ ရက်နေ့ကကျင်းပတဲ့ ငြိမ်းချမ်းရေး လူငယ်စကားဝိုင်းကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်စဉ်
Photo: Myanmar State Counsellor Office

အစိုးရအဆင့်ဆင့် အဂတိလိုက်စားမှုတွေရှိရင် မတရားတာလုပ်ရင် ဘယ်သူ့ကိုမှ မကြောက်ကြဘဲ တိုင်တန်းကြ ဖို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေအားလုံးကို တိုက်တွန်းလိုက်ပါတယ်။

ဒီကနေ့ ကယားပြည်နယ် လွိုင်ကော်မြို့မှာကျင်းပတဲ့ ငြိမ်းချမ်းရေး လူငယ်စကားဝိုင်းမှာ ပါဝင်ဆွေးနွေး သူ ဒေသခံ တောင်သူ လယ်သမားဖြစ်တဲ့ ကိုမာရီးယိုရဲ့ ဆွေးနွေးမှုအပေါ် ပြန်လည်ဆွေးနွေးတဲ့အချိန်မှာ ထည့်သွင်းပြောကြား ခဲ့တာ ဖြစ်ပါတယ်။

"အခုဒီအခန်းထဲမှာ အစိုးအဖွဲ့ဝင်တွေလည်းရှိတယ်၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ပုဂ္ဂိုလ်တွေလည်းရှိတယ်၊ အဲဒီလူတွေ မမှန်မကန်တာလုပ်တယ်ဆိုရင် ပြည်သူတွေတိုင်ကြပါ၊ ကိုယ့်မှာတိုင်ပိုင်ခွင့်ရှိတယ်၊ ဒီအခွင့်အရေးကို သုံးရမယ်၊ မသုံးလို့ရှိရင် အလကားပဲ၊ တစ်ယောက်နဲ့ တစ်ယောက်ကြားထဲမှာ ပွစိပွစိနဲ့ ပြောနေပြီးတော့ ဒီဝန်ကြီးကဖြင့် မဟုတ်ဘူး၊ လုပ်တာကိုင်တာတွေက မတရားဘူးဆိုပြီး အဲလိုပြောနေလို့ ကျမတို့ မသိလို့ရှိရင် ဘာမှလုပ်လို့မရဘူး၊ သိမှစည်းမျဉ်းစည်းကမ်းအရ အရေးယူလို့ ရမှာပေါ့၊ ဒါကြောင့်မို့ ကိုယ့်မှာအဲလောက်တော့ တာဝန်ကျေဖို့ရှိရမယ်၊ ကြောက်ပြီးတော့ မလုပ်ရဲပါဘူး မတိုင်ရဲပါဘူးဆိုရင် တသက်လုံးထိုင်ပြီး ကြောက်နေရမှာပဲ"

ပြည်သူတွေက သက်ဆိုင်ရာ မိမိတို့နဲ့ သက်ဆိုင်တဲ့ အစိုးရတွေကိုမထိန်းသိမ်းရင် ဗဟိုအစိုးရက အောက်ခြေ အစိုးရတွေရဲ့အကြောင်းကို မသိနိုင်ကြောင်း ပြည်သူတွေက တိုင်ကြားမှသာ သိနိုင်မှာဖြစ်ကြောင်းလည်း ပြော ပါတယ်။ ကြောက်လို့ မတိုင်ဘူးဆိုရင် အဂတိလိုက်စားမှုတွေ မတရားမှုတွေကိုလည်း ကိုယ်ကိုယ်တိုင်က အားပေးရာ ရောက်နေကြောင်းလည်း ပြောပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဆွေးနွေးသူ ကိုမားရီးယိုဟာ လယ်သမားဖြစ်တဲ့အတွက် ဘာအခက်အခဲ ရှိသလဲ မေးမြန်းရာမှာ ကိုမားရီးယိုက သူတို့နယ်မြေမှာ “တပ်ပိုင်မြေ”တွေ များနေကြောင်း တင်ပြပါ တယ်။ ဒေါ်အောင်ဆန်း စုကြည်က တပ်ပိုင်မြေကိစ္စအတွက် ကယားပြည်နယ် ဝန်ကြီးချုပ်အနေနဲ့ ကြည့်ပေးဖို့ ဆွေးနွေးပွဲမှာ ညွှန်ကြားခဲ့ပါတယ်။

ဒါ့အပြင် ခရစ်ဘာသာဝင်တွေရဲ့ ဘုရားကျောင်းရှိတဲ့ တောင်တစ်လုံးကို ၂၀၀၈ ခုနှစ်လောက် ကတည်းက တပ်ကနေရာယူထားတဲ့အတွက် ဝတ်ပြုဆုတောင်းဖို့ရာမှာ အခက်အခဲရှိနေကြောင်း တင်ပြပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အဲဒီကိစ္စကို ကြည့်ပေးမယ်လို့ ကတိပေးခဲ့ပါတယ်။

ပညာရေးနဲ့ ပတ်သက်ပြီးဆွေးနွေးရာမှာ ဘွဲ့ရတာကိုဂုဏ်ယူတာထက် အလုပ်ရမယ့် အသက်မွေးဝမ်းကြောင်း ပညာကိုလည်း အားထားကြဖို့ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က တိုက်တွန်းပါတယ်။ ဒါ့အပြင် လက်ရှိ ပညာရေးဟာ အစမ်းသပ်ခံ ပညာရေးစနစ်မဖြစ်ဖို့အတွက် လိုအပ်ကြောင်း လက်တွေ့မှာ အင်္ဂလိပ်စာဟာ အားနည်းနေကြောင်း ပြောကြားပါတယ်။

ဒီကနေ့ လူငယ်ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့အတူ နယ်ပယ်ပေါင်းစုံက ဒေသခံတိုင်းရင်းသား လူငယ် ၈ ဦး ပါဝင်ဆွေးနွေးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။