ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့နဲ့ တွေ့ခွင့်ရဖို့ သားဖြစ်သူ ထပ်မံတောင်းဆို

RFA Burmese
2025.02.01
ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့နဲ့ တွေ့ခွင့်ရဖို့ သားဖြစ်သူ ထပ်မံတောင်းဆို ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့က နေပြည်တော်တွင် တွေ့ရစဉ်။
THAR BYAW / MYANMAR STATE COUNSELLOR OFFICE / AFP

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတာ လေးနှစ်ပြည့်ဖြစ်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ ဒီကနေ့မှာပဲ မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့နဲ့ တွေ့ခွင့်ရဖို့အတွက် သားဖြစ်သူ ကင်မ်အဲရစ်က လန်ဒန်မြို့မှာရှိတဲ့ စစ်ကောင်စီ လက်အောက်ခံ မြန်မာသံရုံးကို ကိုယ်တိုင်သွားပြီး စာပေးပို့တောင်းဆိုခဲ့ကြောင်း သူ့ဖေ့စ်ဘွတ်ခ်စာမျက်မှာ ရေးသားထားပါတယ်။

သံရုံးတာဝန်ရှိသူတွေက ကင်မ်အဲရစ်ရဲ့စာကို လက်ခံယူတာ မရှိခဲ့တဲ့အတွက် စာကို စာတိုက်ပုံးအထဲကိုပဲ ထည့်ခဲ့ရတယ်လို့ ဆိုပါတယ်။

အသက် ၇၉ နှစ်အရွယ် မိခင်ဖြစ်သူကို ချုပ်နှောင်ထားတဲ့အပေါ် သားတစ်ယောက်အနေနဲ့ စိတ်ထိခိုက်မိတယ်လို့ ကင်မ်အဲရစ်က ပြောပါတယ်။

“မြန်မာစစ်တပ်က နိုင်ငံလွတ်လပ်ရေးအတွက် မကြောက်မရွံ့ကြိုးစားနေတဲ့ အသက် ၇၉ နှစ်အရွယ် အမျိုးသမီးကြီးကို ချုပ်နှောင်ထားတာဟာ မှားယွင်းတဲ့ လုပ်ရပ်ဖြစ်တယ်။ ဒီအတွက် သားတစ်ယောက်အနေနဲ့ အင်မတန် စိတ်ထိခိုက်ရတယ်”

စစ်တပ်ရဲ့ မတရားဖမ်းဆီးချုပ်နှောင်ခံရတဲ့ မိခင်ဖြစ်သူ လွတ်မြောက်ဖို့နဲ့ ဒီမိုကရေစီကျတဲ့ ရွေးကောက်ပွဲတွေ ကျင်းပနိုင်ဖို့အတွက် သူ့အနေနဲ့ ဆက်ပြီး ကြိုးစားသွားမယ်လို့ ကင်မ်က ပြောပါတယ်။

အသက် ၇၉ နှစ် အရွယ် ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကောင်စီစွပ်စွဲထားတဲ့ အမှု ၁၉ မှုအတွက် ထောင် ၃၃ နှစ် ကျခံနေရပြီး ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၁ ရက်မှာ အမှု ငါးမှုအတွက် ခြောက်နှစ် လွတ်ငြိမ်းသက်သာခွင့် ရခဲ့တာကြောင့် ထောင်ဒဏ် ၂၇ နှစ်ကို ဆက်လက် ကျခံနေရတာ ဖြစ်ပါတယ်။

အာဏာသိမ်းမှု စတင်ခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက မိသားစုအပါအဝင် ရှေ့နေတွေနဲ့လည်း တွေ့ဆုံခွင့်မပေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။