အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်ဟာ ဥရောပခရီးစဉ်ကနေ ဒီနေ့ မြန်မာနှစ်ဆန်း တစ်ရက်နေ့မှာ ရန်ကုန်မြို့ကို ပြန်လည်ရောက်ရှိလာ ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ညနေပိုင်းမှာ ရန်ကုန်ဆေးရုံကြီးကိုသွားရောက်ပြီး၊ ဆေးဝါး ကုသမှုခံယူနေတဲ့ သတင်းစာဆရာကြီး ဦးဝင်းတင်ကို သွားရောက်ကြည့်ရှုခဲ့တယ်လို့ ဦးဝင်းတင်ရဲ့ ကျန်းမာရေး ကို အနီးကပ်ပြုစုစောင့်ရှောက်နေတဲ့ မိသားစုဝင်တစ်ဦးဖြစ်သူ ကိုပေါက်က ပြောပါတယ်။
"၅ နာရီ ၁၅ မိနစ်လောက်က ရောက်ပါတယ်ခင်ဗျ၊ အဲဒီမှာ ဆေးရုံအုပ်ကြီးတွေ၊ သက်ဆိုင်ရာ ဆရာဝန်ကြီးတွေလည်း အတူပါသွားပါတယ်၊ သူခရီးကပြန်လာပြီး အခုရောက်လာတာပေါ့နော်၊ ဒီကိုဘဘဆေးရုံတက်ပြီးတော့ သတင်းမေးတာ ပထမဆုံးလို့ပြောလို့ရပါတယ်"
သူ့ရဲ့ခရီးစဉ်အတွင်း ပြီးခဲ့တဲ့ ဧပြီလ ၁၁ ရက်နေ့က ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဂျာမနီဝန်ကြီးချုပ်ဟောင်း Willy Brandt အထိမ်းအမှတ် အဖြစ်ပေးအပ်တဲ့ International Willy Brandt ဆုကို ဒေါ်အောင်ဆန်းစုကြည် လက်ခံရယူခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျာမနီခရီးစဉ်အတွင်းမှာ ဂျာမဏီသမ္မတ Joachim Gauck ၊ ဂျာမဏီအဓိပတိ Angela Markel တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် ဧပြီလ ၁၃ ရက် တနင်္ဂနွေနေ့မှာ ဘာလင်မြို့က Freie Universität Berlin တက္ကသိုလ်မှာ မိန့်ခွန်းစကားပြောကြားခဲ့ပြီး မြန်မာမိသားစုတွေနဲ့လည်း တွေ့ဆုံခဲ့ပါသေးတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဧပြီလ ၁၅ ရက်နေ့မှာ ပြင်သစ်သမ္မတ François Hollande နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။