နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ပုဂံသွားမည်
2016.09.07

ငလျင်ဒဏ်ကြောင့် ပျက်စီးသွားတဲ့ ပုဂံဒေသက စေတီပုထိုးတွေကို ဒီလအတွင်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လာရောက် ကြည့်ရှုမယ်လို့ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာ ပုဂံဌာနခွဲက ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော် က ပြောပါတယ်။
ဘယ်နေ့လာမယ်ဆိုတာကို အတိအကျမသိသေးပေမယ့် ငလျင်ကြောင့် ထိခိုက်သွားတဲ့ဘုရားတွေ စုံလင်အောင် လိုက်ပြနိုင်ဖို့ ပြင်ဆင်ထားတယ်လို့ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော် က ပြောပါတယ်။
"နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံခြားခရီးစဉ်ရှိနေတဲ့အတွက် အဲ့ဒီကပြန်လာရင် လာနိုင်တယ်ဆိုတဲ့ သတင်းပဲ ကျနော်တို့ရပါသေးတယ်၊ ကျနော်တို့ ပျက်စီးနေတာတွေထဲကနေပြီးတော့မှ ပုံစံကွဲတဲ့ ဘုရားတွေကို လိုက်ပြမှာပါ၊ ဥပမာ စေတီရှိတယ်၊ လိုဏ်ဘုရားရှိတယ်၊ ဂူဘုရားရှိတယ် အဲ့ဒါတွေကို နေရာစုံအောင်နဲ့ ပျက်စီးမှု အခြေအနေတွေကို စုံအောင်လိုက်ပြမှာပါ"
ငလျင်ကြောင့် စူဠာမဏိစေတီအပေါ်ဘက် ထီးတော်အခြမ်းပြိုကျခဲ့ရသလို၊ သဗ္ဗညုဘုရားနဲ့ ကန်တော့ပလ္လင် ဘုရားတို့ရဲ့အပေါ်ဘက်မှာ အက်ကြောင်းတွေဖြစ်သွားတယ်လို့ ဦးအောင်အောင်ကျော် က ပြောပါတယ်။
အခုအချိန်အထိ စာရင်းကောက်ယူမှုအရ ငလျင်ကြောင့်ပျက်စီးထိခိုက်သွားတဲ့ ပုဂံဘုရား ၄၃၀ ရှိနေပြီး ၃၀ ကျော်ကို တက်ရောက်ခွင့်ပိတ်ပင်ထားပါတယ်။