ခြံအမှတ် ၅၄ အမွေဆိုင်အမှု ဦးအောင်ဆန်းဦးကို စစ်ကောင်စီတရားရုံး အနိုင်ပေး

ခြံအမှတ်(၅၄) အမွေဆိုင်ခွဲဝေမှုနဲ့ ပတ်သက်ပြီး ဦးအောင်ဆန်းဦးရဲ့အထူးအယူခံလျှောက်ထားမှုကို ပြည်ထောင်စုတရားလွှတ်တော်က သြဂုတ်လ ၂၂ ရက်နေ့မှာ စီရင်ချက်ချမှတ်ခဲ့ပါတယ်။

ပြည်ထောင်စုတရားလွှတ်တော်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမွေဆိုင်ခွဲဝေမှုမှာ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးရဲ့ အထူးအယူခံလျှောက်ထားခဲ့တာကို တောင်းဆိုချက်အတိုင်း ခွင့်ပြုကြောင်း အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခုအမှုနဲ့ နီးစပ်မှုရှိတဲ့ တရားလွှတ်တော် ရှေ့နေတစ်ဦးကတော့ ပြည်ထောင်စုတရားလွှတ်တော်ရဲ့စီရင်ချက်အသေးစိတ်ကို မသိရသေးဘူးလို့ RFA ကို ပြောပါတယ်။

“အထူးအယူခံမှာ ရှုံးပြီးတော့မှ ဒါ တရားသူကြီးချုပ်ရဲ့အာဏာအရ ပြန်ဖွင့်တာပေါ့။ အမိန့်ကို မဖတ်ရသေးတဲ့အတွက် အဲဒီလောက်ပဲ ပြောလို့ရမယ်။ ကျန်တာတော့ ဘာမှပြောလို့ မရသေးဘူး”

ဒီခြံအမှတ် ၅၉ ပရဝုဏ်အတွင်း ရှိသမျှကို လေလံတင်ရောင်းချပြီး ရတဲ့ငွေကို မောင်နှမ နှစ်ယောက်ခွဲဝေမယ်ဆိုပြီး ဦးအောင်ဆန်းဦးဘက်က ၂၀၀၀ ပြည့်နှစ်မှာစပြီး အမှုတင်ခဲ့တာပါ။

NLD အစိုးရ တက်လာချိန် ၂၀၁၆ ခုနှစ်မှာတော့ ဒီပရဝဏ်ထဲက မောင်နှမဝမ်းကွဲ တော်စပ်သူ ဦးခင်မောင်အေး အမွေရထားတဲ့ အပိုင်းကို ဖယ်ပြီး ကျန်တဲ့ အိမ်နဲ့ခြံကို မောင်နှမနှစ်ယောက် ခွဲယူဖို့ တရားရုံးက အမိန့်ချပါတယ်။

ဒီအမိန့်ကို မကျေနပ်လို့ NLD အစိုးရလက်ထက်မှာ ဦးအောင်ဆန်းဦးဘက်က ပြည်တော်စုတရားလွှတ်တော်ချုပ်ထိ အဆင့်ဆင့်တက်ခဲ့ပေမယ့် အားလုံး ပယ်ချခံရပါတယ်။

ဒါကို မကျေနပ်လို့ စစ်အာဏာသိမ်းပြီး ၂၀၂၂ ခုနှစ်ထဲမှာ အထူးအယူခံကို ဦးအောင်ဆန်းဦးဘက်က ပြန်တင်ပြလာတာ ဖြစ်ပါတယ်။

စစ်ကောင်စီ တရားရုံးက ဦးအောင်ဆန်းဦးရဲ့ သဘောဆန္ဒအတိုင်း ဆုံးဖြတ်ခဲ့တာမို့ ဒီပရဝုဏ်တစ်ခုကို လေလံတင်ရောင်းပြီး အမွေခွဲခွင့် ရသွားတာ ဖြစ်ပါတယ်။