စစ်အာဏာသိမ်းမှုကို တခဲနက်ဆန့်ကျင်ဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဖမ်းမခံရခင်မှာ တပ်မတော်က အာဏာသိမ်းနိုင်တယ်ဆိုတာ ကြိုတင်ခန့်မှန်းမိတဲ့အတွက် လုပ်ဖော်ကိုင်ဖက်တချို့နဲ့ တိုင်ပင်ပြီး ပြည်သူသို့ ပန်ကြားချက်တစောင် ရေးသားခဲ့တယ်လို့ သိရပါတယ်။

အဲဒီစာမှာ NLD အနေနဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံကို လက်မခံပေမယ့် လွှတ်တော်နိုင်ငံရေးကို ဝင်ရောက်ခဲ့ချိန်ကစပြီး အဲဒီ ဖွဲ့စည်းပုံကို လိုက်နာခဲ့ကြောင်းနဲ့ ဒီဖွဲ့စည်းပုံကိုပြင်ဖို့လည်း ဥပဒေဘောင်အတွင်းကပဲ ကြိုးစားခဲ့ကြောင်း၊ ရွေးကောက်ပွဲတွေမှာလည်း ဥပဒေနဲ့ အညီ ယှဉ်ပြိုင်အနိုင်ရခဲ့ကြောင်း၊ ဒီစာကို အများပြည်သူ ဖတ်ရှုရချိန်မှာ တပ်မတော်သည် ၎င်းတို့ကိုယ်တိုင် ရေးသားအတည်ပြုခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပစ်ပယ်ပြီး ပြည်သူလူထုကြီးက တရားဝင် တင်မြှောက်ထားတဲ့ မိမိတို့ လွှတ်တော်နဲ့ အစိုးရကို ဖျက်သိမ်းခဲ့ပြီဖြစ်ကြောင်း၊ တပ်မတော်ရဲ့ လုပ်ရပ်ဟာ အများပြည်သူ ရင်ဆိုင်နေရတဲ့ ကိုဗစ်ရောဂါဆိုးကြီးကို ဂရုမစိုက်တဲ့အပြင် တိုင်းပြည်ကို စစ်အာဏာရှင်စနစ်အောက် ပြန်လည်သွတ်သွင်းရန် ကြိုးပမ်းတဲ့ လုပ်ရပ်ဖြစ်တဲ့အတွက် ပြည်သူလူထုအနေနဲ့ လုံးဝလက်မခံဘဲ တခဲနက် ဆန့်ကျင်တုံ့ပြန်ရန် တိုက်တွန်းကြောင်း ဖော်ပြထားပါတယ်။

NLD နာယက ဦးဝင်းထိန်က ဒီစာဟာ ဒေါ်အောင်ဆန်းစုကြည်က သူ့ကို ဇန်နဝါရီ ၂၉ ရက်နေ့က ပေးခဲ့တဲ့စာ အစစ်အမှန်ဖြစ်တယ်လို့ RFA ကို ဒီနေ့နေ့လယ်က ပြောပါတယ်။

“အစစ်၊ အစစ်၊ Fake news ထင်မှာစိုးလို့ ကျနော်ကိုယ်တိုင် အောက်က ကျနော့်လက်ရေးနဲ့ ရေးလိုက်တာ။ (ဒေါ်စုက) ကျနော့်ကို ပေးလိုက်တာပေါ့၊ အဖမ်းမခံရခင် ၂၉ ရက်နေ့ကတည်းက။ အောက်က ကျနော့်လက်ရေးနဲ့ ဟုတ်တယ်”

လက်ရှိအာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး ဦးဝင်းထိန်က ဒါဟာ မိုက်မဲမှုပဲလို့ ပြောပါတယ်။

“မင်းအောင်လှိုင် ကံကောင်းလို့ တပ်မတော်မှာ ခေါင်းဆောင်ဖြစ်လာခဲ့တယ်။ ခေါင်းဆောင် အဖြစ်နဲ့ သူမကျေနပ်ဘူး။ သမ္မတဖြစ်ချင်တယ်။ သမ္မတဖြစ်လို့ မရတော့ အခု မဖြစ်ဖြစ်အောင် လုပ်တယ်။ သူလုပ်တာကို နိုင်ငံတကာက လက်ခံမယ်ထင်တာကတော့ မိုက်မဲမှုပဲ။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တရားမျှတတဲ့ ရွေးကောက်ပွဲကို သူက တရားမမျှတဖူးလို့ ပြောလိုက်တာ။ ပထမအကြိမ် မဲစာရင်းထုတ်တယ်။ ဒုအကြိမ်ထုတ်တယ်။ တတိယအကြိမ်ထုတ်တယ်။ အဲဒီတုန်းက သူတို့ ဘယ်ရောက်နေကြလဲ၊ ဘာလုပ်နေကြလဲ။ မင်းအောင်လှိုင် သမ္မတဖြစ်ချင်တဲ့ ရောဂါကြောင့် အခုပြဿနာဖြစ်လာတာပဲ။ စိတ်ပျက်စရာ တရားကျစရာကောင်းတယ်။ တိုင်းပြည်ရဲ့ ကံကြမ္မာကတော့ အခု Back to square one ဟိုး အစကို ပြန်ရောက်သွားတာပဲ။”

ဦးဝင်းထိန်က သူ့ကိုလည်း စစ်တပ်က လာရောက်ဖမ်းဆီးမယ်လို့ ထင်မြင်ယူဆကြောင်း RFA ကိုပြောပါတယ်။