စစ်ကြောင်းကြောင့် ထားဝယ် အထူးစီးပွားရေးဇုန်အနီးက ဒေသခံတွေ ထွက်ပြေးနေရ

RFA Burmese
2024.11.10
စစ်ကြောင်းကြောင့် ထားဝယ် အထူးစီးပွားရေးဇုန်အနီးက ဒေသခံတွေ ထွက်ပြေးနေရ တနင်္သာရီတိုင်း၊ ရေဖြူမြို့ အဝင်တစ်နေရာကို တွေ့ရစဉ်။
The Tanintharyi Times

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် ထားဝယ် စီးပွားရေးဇုန်အနီးက မူးဒူးရွာကို အင်အားတစ်ရာကျော်ပါတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းက နိုဝင်ဘာ ၉ ရက်နေ့မှာ ရွာထဲ စီးနင်းခဲ့တာကြောင့် မူးဒူးရွာအပါအဝင် အနီးအနားရွာတွေက ဒေသခံတစ်ထောင်ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

မူးဒူးရွာကို ဝင်ရောက်စီးနင်းပြီးနောက် အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ အရပ်သားတွေကိုပါ ဖမ်းဆီးနေတာကြောင့် နဘုလယ်၊ မူးဒူး၊ လဲရှောင်၊ ပရဒတ်စတဲ့ ရွာတွေက ဒေသခံ တစ်ထောင်ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရေဖြူဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဖမ်းထားတာကတော့ သက်ကြီးပိုင်း အမျိုးသမီးတစ်ဦးနဲ့ သက်ကြီးပိုင်း အမျိုးသားတစ်ဦး ဖမ်းထားတယ်လို့ပဲ သိရတယ်။ ပြီးရင် ရွာထဲမှာ သူတို့က ဆိုင်တွေပေါ့နော်။ ကုန်စုံဆိုင်တွေရှိတဲ့ အိမ်တွေကို ရိုက်ဖျက်ပြီးတော့ မွှေနှောက်သွားကြတယ်”

ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက်က လောင်းလုံးမြို့နယ်၊ မောင်းမကန်ရွာက ရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က မောင်းမကန်ရွာကနေ ရေဖြူမြို့နယ်ထဲ စစ်ကြောင်းထိုးလာတာပါ။

ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးသက်နိုင်ကို RFA က နိုဝင်ဘာ ၁၀ ရက် ဒီနေ့မှာ ဆက်သွယ်ပေမဲ့ ဖုန်းမကိုင်ပါဘူး။

ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်နေ့က ရေဖြူမြို့နယ်မှာ စစ်ကောင်စီတပ်က ဒေသခံလေးဦးကို သတ်ဖြတ်ခဲ့တယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။