မီးပျက်လို့ တိုင်းအစိုးရအဖွဲ့ကို ထားဝယ်ကျောင်းသား ကျောင်း သူတွေ ဆန္ဒပြ
2017.07.11

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်အတွင်း လျှပ်စစ်မီးမကြာခဏပျက်တာကြောင့် ပုဂ္ဂလိက ကုမ္ပဏီထံ မီးဖြန့်ဝေခွင့်ပေးထားတဲ့ တိုင်းဒေသကြီးအစိုးရကို မနေ့ညက ဒေသခံကျောင်းသား ကျောင်းသူ ၅ဝလောက်က တိုင်းအစိုးရအဖွဲ့ရုံးရှေ့မှာ ဖယောင်းတိုင်မီးထွန်းပြီး ဆန္ဒပြကြပါတယ်။
တိုင်းဒေသကြီးအစိုးရက မီးပုံမှန်လာဖို့ တစ်ပတ်အတွင်းဆောင်ရွက်ပေးမယ်လို့ ပြောပေမယ့် မီးအကြိမ်ကြိမ် ပျက်နေတာကြောင့် အခုလိုဆန္ဒပြတာလို့ ထားဝယ်ကျောင်းသားသမဂ္ဂအဖွဲ့က ကိုမင်းလွင်ဦးက ပြောပါတယ်။
"သည်းမခံနိုင်တော့ဘူးခင်ဗျ၊ ပျက်တာလည်အကြိမ်ရေများတယ်၊ နောက်ပျက်ရင်လည်း ကြာတယ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ကတော့ တစ်ပတ်လောက်သည်းခံပေးပါလို့ပြောတယ်"
ဇူလိုင်လ ၁ ရက်နေ့ကစပြီး Globel Grand ကုမ္ပဏီက ၁၂ မဂ္ဂါဝပ်အထိ ထုတ်လုပ်ကာ ထားဝယ်အများပိုင်ကုမ္ပဏီ (DDPC)က ထားဝယ်ခရိုင်ရှိ ရေဖြူ၊ သရက်ချောင်း၊ ထားဝယ်နဲ့ လောင်းလုံမြိုတွေကို လျှပ်စစ်မီးဖြန့်ဖြူးခွင့် ၆လ ရရှိ ထားတာဖြစ်ပါတယ်။
ဒါပေမယ့် လျှပ်စစ်မီးစတင်ဖြန့်ဝေပေးတဲ့နေ့ကစပြီး နေ့စဉ်နာရီပေါင်းများစွာ ပြတ်တောက်နေတယ်လို့ ဆန္ဒပြ သူတွေ က ပြောပါတယ်။
လျှပ်စစ်မီးဖြန်ဖြူးခွင့်ရရှိထားတဲ့ DDPC ကုမ္ပဏီဟာ ပြီးခဲ့တဲ့အစိုးရလက်ထက်ကစပြီး ၂ဝ၁၇ ဇွန်လကုန်အထိ ထားဝယ်မြို့ကို မီးပေးခွင့်ရရှိခဲ့တာဖြစ်ပါတယ်။
ထားဝယ်ခရိုင်ရှိ မြို့လေးမြို့ကို အရင်က ကံပေါက်ဓာတ်အားပေးစက်ရုံကနေ ထိုင်းနိုင်ငံအခြေစိုက် Andaman Power and Utility (APU)ကုမ္ပဏီက ဂတ်စ်အင်ဂျင် ၆လုံးကို ပြီးခဲ့တဲ့အစိုးရလက်ထက်က ငှားရမ်းကာ ဓာတ်အား ထုတ်လုပ်ပြီး တစ်ယူနစ်ကို ကျပ် ၃ဝဝနဲ့ ဖြန့်ဖြူးပေးနေတာဖြစ်ပါတယ်။
ဇူလိုင်လ ၁ ရက်နေ့ကစပြီး Globel Grand ကုမ္ပဏီက လျှပ်စစ်ထုတ်လုပ်ကာ DDPC ကုမ္ပဏီကနေ တစ်ယူနစ် ကျပ် ၂၁ဝ နဲ့ ဖြန့်ဖြူးပေးနေတာဖြစ်ပါတယ်။