ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းအနီး စစ်ကောင်စီတပ် နယ်မြေရှင်းလင်းရေးလုပ်
2025.01.28
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်မှာရှိတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းအနီးနားက ရွာတွေကို စစ်ကောင်စီတပ်က စီးနင်းပြီး နယ်မြေရှင်းလင်းရေးလုပ်နေတယ်လို့ ဒေသခံတွေက RFA ကို ဇန်နဝါရီလ ၂၈ ရက်နေ့မှာ ပြောပါတယ်။
ရေနက်ဆိပ်ကမ်းစီမံကိန်းဧရိယာထဲမှာ အင်အား ခုနစ်ဆယ်ခန့်ပါ စစ်ကောင်စီတပ်က အနီးနားရွာဖြစ်တဲ့ မူးဒူးရွားအပါအဝင် ရွာတချို့ကို စစ်ကြောင်းထိုး စီးနင်းခဲ့တယ်လို့ ဆိုပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရေဖြူဒေသခံတစ်ဦးက စစ်ကြောင်းထိုးစီးနင်းမှုကြောင့် ဒေသခံတွေ ထွက်ပြေးခဲ့ရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ စီမံကိန်းဧရိယာထဲမှာ ဆက်ရှိနေတယ်လို့ RFA ကို ပြောပါတယ်။
“ရေနက်ဆိပ်ကမ်းထဲမှာ စစ်ကောင်စီတပ်သားတချို့ရှိတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက စီမံကိန်းထဲမှာ ပစ္စည်းတွေ ချနေတယ်။ ဘာတွေလဲဆိုတော့ မသိရဘူး။ ရွာငါးရွာလောက်က ဒေသခံ နှစ်ထောင်လောက် ထွက်ပြေးခဲ့ရသေး တယ်။ ဒီနေ့ ရွာထဲ ပြန်နေကြပြီ”
စစ်ကောင်စီတပ် စစ်ကြောင်းထိုးစီးနင်းတာဟာ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း ပြန်စဖို့ ဖြစ်နိုင်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ အဲဒီစစ်ကြောင်းမှာပါတဲ့ စစ်ကောင်စီတပ်သားတချို့ဟာ လောင်းလုံးမြို့နယ် ဘက်ကို ဆက်သွားနေတယ်လို့ ဆိုပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်လို့ အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးသက်နိုင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။
ဇန်နဝါရီလ ၂၁ ရက်နေ့က စစ်ကောင်စီရဲ့ တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဦးမြတ်ကိုနဲ့ မြန်မာနိုင်ငံဆိုင်ရာ ရှရှားသံအမတ်တို့ ထားဝယ်မြို့မှာ တွေ့ဆုံခဲ့ပြီး ထားဝယ်အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီထိန်းချုပ် သတင်းစာတွေက ဖော်ပြပါတယ်။
ထားဝယ်ရေနက်ဆိပ်ကမ်းဒေသမှာ ကာကွယ်ရေးတပ်ဖွဲ့တွေလည်းရှိနေတာကြောင့် စီမံကိန်းအကောင်အထည် ဖော်နိုင်မှာမဟုတ်ဘူးလို့ ဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဘက်က ပြောပါတယ်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတုန်းက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကို ကိုယ်တိုင်သွားကြည့်ခဲ့သလို စီမံကိန်းကို စနစ်တကျနဲ့ ဆက်ပြီး အကောင်အထည်ဖော်ဖို့ စစ်ကောင်စီဝန်ကြီးတွေကို ပြောခဲ့ပါတယ်။
စစ်ကောင်စီရဲ့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ကလည်း ထားဝယ် အထူးစီးပွားရေးဇုန်နဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် နှစ်လမ်းသွားကားလမ်း တည်ဆောက်ဖို့ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အတွင်း ပြီးစီးအောင်လုပ်မယ်လို့ စီမံကိန်းအချက်အလက်တွေမှာ ဖော်ပြထားပါတယ်။