ထားဝယ်ဒေသခံ ဆယ်ဦးကို ပျူစောထီးအဖွဲ့ ခေါ်ဆောင်သွား

2023.06.02
ထားဝယ်ဒေသခံ ဆယ်ဦးကို ပျူစောထီးအဖွဲ့ ခေါ်ဆောင်သွား ထားဝယ်မြို့စျေးကို ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလတွင် တွေ့ရစဉ်။
Citizen Journalist

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ကနိုင်းဒါကျေးရွာမှာ ပျူစောထီးအဖွဲ့က အုတ်ဖုတ်အလုပ်သမား ၁၀ဦးကို ငွေပေးခေါ်သွားတာ ငါးရက်ရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

ရွာမှာရှိတဲ့ ပျူစောထီးတွေက ခေါ်သွားတာ အခုဆို မိသားစုနဲ့ အဆက်အသွယ်မရတာ ငါးရက်ရှိပြီလို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

"ပျူစောထီးအဖွဲ့က တစ်ယောက်ကို ပိုက်ဆံ တစ်သိန်းခွဲ ပေးပြီးတော့ ဘယ်ကိုခေါ်သွားမှန်း မသိရဘူး။ ပြန်မရောက်လာသေးတာ ဒီနေ့နဲ့ဆိုရင် ငါးရက်ရှိပြီ မိသားစုနဲ့အဆက်အသွယ်မရကြဘူး။ ဘာအတွက် ခေါ်သွားမှန်းလဲ မသိဘူး။"

ကနိုင်းဒါကျေးရွာဟာ ပျူစောထီးအားကောင်းတဲ့ကျေးရွာဖြစ်ပြီး အပတ်စဉ် လောင်းကစားဝိုင်းတွေကို ပျူစောထီးအဖွဲ့က ဦးဆောင်လုပ်နေတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

ထားဝယ်ခရိုင်အတွင်း ကျေးရွာတစ်ချို့မှာ ပျူစောထီး အဖွဲ့ဝင်တွေဟာ စစ်ကောင်စီတပ်နဲ့အတူ ဒေသခံတွေကို ဖမ်းဆီးတာ၊ စစ်ကောင်စီတပ်နဲ့အတူ တိုက်ပွဲတွေမှာ ဝင်ရောက်တိုက်ခိုက်တာတွေ ရှိတယ်လို့ ဆိုပါတယ်။ ဒေသခံအမျိုးသားတွေကို အခုလိုငွေပေးပြီး ခေါ်ဆောင်တာကတော့ ဒါ ပထမဆုံးဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၃၀ ရက်နေ့ညက ထားဝယ်မြို့မှာ ခွေးစာကျွေးတဲ့ မြို့ခံ အမျိုးသား နှစ်ယောက်ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်သတ်ပြီး သူတို့စီးလာတဲ့ ဆိုင်ကယ်နဲ့အတူ မီးရှို့ခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၃ ဇန်နဝါရီ ၁ ရက်နေ့အထိ ထားဝယ်ထောင်အတွင်းမှာ ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ နိုင်ငံရေးအကျဥ်းသား ၃၇၅ ဦးရှိတယ်လို့ ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက် စာရင်းတွေအရ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။