ထားဝယ်မှာ လက်နက်ကြီးကြောင့် သားအမိနှစ်ဦးသေ၊ တစ်ဦး ဒဏ်ရာပြင်းထန်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် ကျောက်မဲတောင်ရွာမှာ နိုဝင်ဘာ ၂၃ ရက် ဒီနေ့မနက်အစောပိုင်းက နေအိမ် တစ်လုံးပေါ် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲတာကြောင့် အသက် ၁၀ အရွယ် သားနဲ့ အသက် ၄၀ ဝန်းကျင်အရွယ် မိခင်ဖြစ်သူတို့ ပွဲချင်းပြီး သေဆုံးပြီး နောက်ထပ် ရှစ်နှစ်အရွယ် မိန်းကလေးတစ်ဦးလည်း ဒဏ်ရာအပြင်းအထန် ရရှိသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားပြီးနောက် နေအိမ်ပေါ် လက်နက်ကြီး ကျလာတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“မနက် ငါးနာရီခွဲလောက်မှာ တိုက်ပွဲစဖြစ်တာ။ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ကျောက်မဲတောင်ရွာထဲက ရဲစခန်းကို ဝင်တိုက်တာပေါ့။ မနက် ခုနစ်လောက်ကျမှ လက်နက်ကြီးက အိမ်ပေါ်ကျလာတာ”

ဒဏ်ရာအပြင်းအထန်ရရှိသွားတဲ့ မိန်းကလေးကိုတော့ ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သူက ပြောပါတယ်။

ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တာဝန်ခံကတော့ ကျောက်မဲတောင်ရဲစခန်းမှာ တိုက်ပွဲတွေ ဖြစ်နေတဲ့ အတွက် ဟိန္ဒားရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ် စစ်စခန်းကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာဖြစ်ပြီး သေဆုံးသူ နှစ်ဦးမှာ အိမ်ခေါ်နာမည်တွေဖြစ်တဲ့ ဒေါ်မိပုနဲ့ ကပ္ပလီ တို့ ဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်သိရဖို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်း ပြောရေးဆိုခွင့်ရှိသူ တိုင်းလူမှုရေးဝန်ကြီး ဦးသန့်ဇင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက် ထုတ်ပြန် ချက်အရ စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ သေဆုံးခဲ့ရသူ စုစုပေါင်း ၄၁၉၇ ကျော် ရှိနေပါတယ်။