ဒေါ်သူဇာမောင်မိသားစု ဖမ်းဆီး ပျောက်ဆုံးနေမှု မလေးရှားရဲ အမှုဖွင့်

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားရေးရာကော်မတီဥက္ကဋ္ဌ ဒေါ်သူဇာမောင်နဲ့ သူ့မိသားစုကို ဒီလ ၄ ရက်နေ့က အမည်မသိရသေးတဲ့ အဖွဲ့တစ်ခုက ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် အခုအချိန်ထိ ပျောက်ဆုံးနေတာနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ အမှုဖွင့်လိုက်ကြောင်း မလေးရှားရဲတပ်ဖွဲ့က အင်္ဂါနေ့မှာ ပြောပါတယ်။

မြန်မာအလုပ်သမားတွေကို အကူအညီပေးနေတဲ့ ဒေါ်သူဇာမောင်နဲ့အတူ သူမရဲ့ခင်ပွန်းနဲ့ သားသမီး သုံးဦးအပါအဝင် မိသားစုဝင် ငါးဦးလုံးကို ကွာလာလမ်ပူမြို့ နေအိမ်ကနေ လူတစ်စုက ရဲတပ်ဖွဲ့ဟန်ဆောင်ကာ လာရောက်ဖမ်းဆီးသွားကြောင်းနဲ့ ဒီအမှုကို မလေးရှားအာဏာပိုင်တွေအနေနဲ့ အရေးတကြီးအရေးယူသင့်ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW က တနင်္လာနေ့မှာ ထုတ်ပြန်ပြောဆိုခဲ့ပြီးနောက်မှာ မလေးရှား ရဲတပ်ဖွဲ့က အခုလိုပြောကြားတာ ဖြစ်ပါတယ်။

ဒေါ်သူဇာမောင်ကို ပြီးခဲ့တဲ့ ဧပြီလအတွင်း RFA က တွေ့ဆုံမေးမြန်းခဲ့ရာမှာ မလေးရှားရောက် ရခိုင်တိုင်းရင်းသားရေတပ်အရာရှိနဲ့ အခြားအဆင့်ရှိသူ ခြောက်ဦးကို ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ် အောက်တိုဘာလအတွင်း မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနနဲ့ မြန်မာစစ်ကောင်စီသံရုံးတို့ ဆက်သွယ်ဖမ်းဆီးပြီး မြန်မာနိုင်ငံကို ပြန်ပို့ခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။

အဲဒီ ရခိုင်တိုင်းရင်းသားတွေဟာ ရခိုင်လူမျိုးတွေအပေါ် စစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေကို လက်မခံနိုင်တော့တဲ့အတွက် မြန်မာစစ်တပ်ကို ဆန့်ကျင်ပြီး မလေးရှားနိုင်ငံကို လာရောက်ခိုလှုံခဲ့ကြသူတွေဖြစ်တယ်လို့လည်း ဒေါ်သူဇာမောင် က ပြောပါတယ်။

ဒါ့အပြင် မလေးရှားရောက် မြန်မာနိုင်ငံသားတွေကို မြန်မာသံရုံးက ထိထိရောက်ရောက် အကူအညီပေးခြင်း မရှိကြောင်းနဲ့ အထူးသဖြင့် ၅/ လို့ခေါ်တဲ့ စစ်ကိုင်းတိုင်းက လာရောက်သူတွေကို ဖိနှိပ်နေပြီး ပတ်စ်ပို့သက်တမ်းတိုးတဲ့အခါ အလွယ်တကူဆောင်ရွက်ပေးခြင်းမရှိဘဲ PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ထောက်ခံသူတွေအဖြစ် ခြိမ်းခြောက်ကြိမ်းမောင်း ပြောဆိုလေ့ရှိကြောင်းလည်း ဒေါ်သူဇာမောင်က RFA ကို ပြောကြားခဲ့ပါတယ်။

ဒေါ်သူဇာမောင်တို့မိသားစုဟာ ၂ဝ၁၅ ခုနှစ်ကတည်းက မလေးရှားကို ရောက်ရှိလာခဲ့ပြီး ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီက ဒုက္ခသည်တွေအဖြစ် အသိအမှတ်ပြုထားသူတွေ ဖြစ်ပါတယ်။

သူတို့မိသားစုကို အခုလို အဓမ္မခေါ်ဆောင်သွားပြီးနောက် ပျောက်ဆုံးနေတာနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းကမှ ထုတ်ဖော်ဝန်ခံပြောဆိုခြင်း မရှိသေးပါဘူး။