အလယ်တန်းပြ ကျောင်းဆရာ ဖမ်းဆီးခံရမှုကို ကန့်ကွက်ဆန္ဒပြ


2018.08.12
daydaye-protest-622.jpg လိမ်လည်မှုနဲ့ အမှုဖွင့်ခံထားရတဲ့ ကျောင်းဆရာကို ပညာရေးဌာန ခွင့်ပြုချက်မယူဘဲ ဖမ်းဆီးတဲ့အပေါ် ကန့်ကွက်ကြောင်း ဒေးဒရဲမြို့မှာ ၂၀၁၈၊ သြဂုတ် ၁၂ ရက်နေ့က ဆန္ဒပြစဉ်
Photo: Aung Thu

ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ်မှာ လိမ်လည်မှုနဲ့ အမှုဖွင့်ခံထားရတဲ့ အလယ်တန်းပြ ကျောင်းဆရာ တစ်ယောက်ကို ပညာရေးဌာနရဲ့ ခွင့်ပြုချက်မယူဘဲ ဖမ်းဆီးချုပ်နှောင်ထားတဲ့အပေါ် ကန့်ကွက်ကြောင်း ပညာရေးဝန်ထမ်းတွေနဲ့ ဒေသခံ ၄၀၀ ကျော်က ဒေးဒရဲမြို့မှာ ဒီနေ့ ဆန္ဒပြကြပါတယ်။

ဖမ်းဆီးခံရတဲ့ အလယ်တန်းပြ ကျောင်းဆရာ ဦးမြင့်သိန်းဟာ အရင်က မူလတန်းကျောင်းအုပ် တာဝန်ထမ်းဆောင်စဉ် မှာ ကျောင်းမြေနေရာကိစ္စ လှူဒါန်းမှုနဲ့ ဆက်စပ်ပြီး အမှုဖွင့်ဖမ်းဆီးခံရတာ မတရားဘူးလို့ ဒေးဒရဲမြို့နယ် ဒုတိယမြို့နယ် ပညာရေးမှူး စီမံဌာနက ဦးကျော်ဦး က ပြောပါတယ်။

"ဒီလို နိုင်ငံဝန်ထမ်းတစ်ယောက်က သူ့အကျိုး မဟုတ်ဘူးဗျာ၊ ကျနော်တို့ ဌာနဆိုင်ရာက ခိုင်းတဲ့ကိစ္စကို လုပ်တာကို ဒီလိုပုဒ်မနဲ့ ဖမ်းတာကို မကျေနပ်ကြဘူး၊ ကျနော်တို့ ဆရာ၊ ဆရာမတွေက ဘယ်လောက်တောင် ဖြစ်လဲဆိုရင် ဒီကိစ္စမှာသာ ဒီဆရာကြီး ထောင်ကျသွားရင် ထွက်မယ့် ပင်စင်ယူမယ့် ကျောင်းအုပ်တွေအများကြီး ထွက်လာလိမ့်မယ်။ ဘာလို့လဲဆိုတော့ သူတို့က သူတို့ စီးပွားရေးလုပ်တာမဟုတ်ဘူး၊ ဌာနက ခိုင်းတာကို လုပ်တာ၊ အခုတောင် ကလေးတွေ တော်တော်နစ်နာနေပြီ၊ ဒီဆရာ စာသင်ရမယ့် အချိန်က ကျောင်းမတက်ရတာ နှစ်ပတ်နီးပါးလောက်ရှိသွားပြီ၊ အဲ့လောက် ရိုးအတဲ့သူကို ဒီလိုချုပ်ခံရတယ်ဆိုတော့ ယူကျုံးမရ ဖြစ်ကြတာပေါ့ဗျာ"

ဒေးဒရဲမြို့နယ် လေးရွာမှာ ဦးမြင့်သိန်းက အရင်က မူလတန်းကျောင်းအုပ်တာဝန် ထမ်းဆောင်ခဲ့တာဖြစ်ပြီး လက်ရှိ အဲဒီကျောင်းမှာပဲ အလယ်တန်းပြဆရာအဖြစ် တာဝန်ထမ်းဆောင်နေတာပါ။

ဦးမြင့်သိန်းဟာ အရင် မူလတန်းကျောင်းအုပ်အနေနဲ့ တာဝန် ထမ်းဆောင်စဉ်တုန်းက လက်ရှိ အလယ်တန်းကျောင်း မြေနေရာကိစ္စနဲ့ ပတ်သက်လို့ ဒေသခံ ရွာသားတစ်ယောက်ရဲ့ မြေဧကတွေကို လိမ်လည် လက်မှတ်ရေးထိုး ရယူခဲ့တယ် ဆိုပြီး အမှုဖွင့်တိုင်ကြားခံရတာဖြစ်ပါတယ်။

၂၀၀၀ ပြည့်နှစ်မှာ ဒေသခံတစ်ဦးက ကျောင်းမြေအဖြစ် အသုံးပြုဖို့ မြေတစ်ဧက လှူဒါန်းရာ အဲဒီအချိန်က ကျောင်းအုပ်တာဝန် ထမ်းဆောင်နေတဲ့ ဦးမြင့်သိန်းက လက်ခံခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အဲဒီမြေတစ်ဧကနဲ့ ဆက်စပ်တဲ့ မြေဧကတွေကို အခြားမြေအဖြစ် ပြောင်းလဲအသုံးပြုခွင့်ရတဲ့ မြေအမျိုးအစားအဖြစ် ဦးမြင့်သိန်းက ပြောင်းလဲရယူခဲ့တာကြောင်း မြေတစ်ဧက လှူဒါန်းသူက လိမ်လည်မှုနဲ့ အမှုဖွင့်တိုင်ကြားတာဖြစ်ပါတယ်။

ဦးမြင့်သိန်းကို ပြီးခဲ့တဲ့ ဇန်နဝါရီလက ရာဇသတ်ကြီး ပုဒ်မ ၄၂၀/၄၆၈ နဲ့ အမှုဖွင့် တိုင်ကြားခံခဲ့ရတာဖြစ်ပြီး  သြဂုတ်လ ၂ ရက်နေ့ကစပြီး လက်ရှိချိန်ထိ  ဒေးဒရဲမြို့နယ် ရဲစခန်းမှာ ဖမ်းဆီးချုပ်နှောင်ခံထားရတယ်လို့ သိရပါတယ်။ လာမယ့် သြဂုတ်လ ၁၃ ရက်နေ့မှာ ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးသွားမယ်လို့ သိရပါတယ်။

ဒီနေ့ ပြုလုပ်တဲ့ ဆန္ဒပြပွဲမှာ ဒေးဒရဲမြို့နယ်က ပညာရေးဝန်ထမ်းတွေ၊ ကျောင်းသားကျောင်းသူတွေ၊ ဒေသခံတွေ အပြင်၊ ဖျာပုံ၊ ကျိုက်လတ်၊ ဘိုကလေး စတဲ့ နီးစပ်ရာဒေသက ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေပါ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ဒေးဒရဲမြို့နယ်မှာ ပညာရေးဝန်ထမ်းတွေ အခုလို ဆန္ဒဖော်ထုတ်တာဟာ ပထမဆုံးအကြိမ် ဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။