စစ်ကိုင်းမြို့နယ် စမွန်းရွာ စီးနင်းခံရပြီး အရပ်သားလေးဦးသေဆုံး
2023.07.01
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် စမွန်းရွာကို ဇွန်လ ၂၉ ရက်မှာ စစ်ကောင်စီတပ်ဖွဲ့က ရွာထဲကိုစီးနင်းခဲ့တာကြောင့် အရပ်သားလေးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စမွန်းရွာထဲစီးနင်းချိန် ဇွန်လ ၂၉ ရက်မှာ ထွက်ပြေးဖို့ကြိုးစားခဲ့တဲ့ စစ်ဘေးဒုက္ခသည် အသက် ၅၀ အရွယ် ဒေါ်ခင်မမ သေဆုံးပြီး အသက် ၄၅ နှစ်အရွယ် ဒေါ်နုနုဝင်းနဲ့ အသက်ခြောက်နှစ်အရွယ် မောင်မျိုးနိုင်ဝင်းတို့ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ဇွန်လ ၃၀ ရက်မှာတော့ စမွန်းရွာ သုသာန်အနီးမှာ မီးရှို့ခံထားရတဲ့ ရုပ်အလောင်း သုံးခုကို ထပ်တွေ့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နောက်ထပ်သေဆုံးသူတွေဟာ ပဒူရွာက စစ်ဘေးဒုက္ခသည်တွေဖြစ်ပေမယ့် ရုပ်အလောင်းတွေဟာ မီးကျွမ်းနေတာကြောင့် ဘယ်သူဘယ်ဝါ မသိရသေးဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"အလောင်းက မီးကျွမ်းနေတော့ ဘယ်သူမှန်းမသိသေးဘူး၊ ပဒူရွာကနေ စမွန်းဘက်ကို စစ်ရှောင်လာကြတဲ့သူတွေရှိတယ်။ အဲဒီလူတွေအထဲက သေသွားတာ။ လောလောဆယ် စမွန်းကလည်း စစ်ရှောင်နေရပြန်တော့ သေတဲ့သူတွေရဲ့ အသေးစိတ်ကိုမသိရသေးဘူး"
ဇွန်လ ၂၅ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဟာ စစ်ကိုင်းမြို့နယ်ထဲက ကင်းတော်ရွာ အပါအဝင် ရွာခုနစ်ရွာကို နယ်မြေရှင်းလင်းရေးအကြောင်းပြချက်နဲ့ စီးနင်းမှုလုပ်ခဲ့လို့ ကင်းတော်ရွာက အသက် ၃၇ နှစ်အရွယ် ကိုမြင့်ကျော်သူနဲ့ အသက် ၅၀ အရွယ် ဦးမောင်စန်း၊ မြင်းဆည်ရွာက အသက် ၆၉ နှစ်အရွယ် ဦးပေါက်စတို့ သတ်ဖြတ်ခံခဲ့ရပါတယ်။
အရပ်သားတွေ ထိခိုက်သေဆုံးတာနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူကို RFA က တယ်လီဖုန်နဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၃၀ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ သေဆုံးခဲ့တဲ့ အရပ်သား ၃,၇၃၆ ဦးအထိ ရှိလာပြီဖြစ်ပါတယ်။