ဒီပဲယင်းမြို့ပေါ်မှာ တိုက်ပွဲပြင်းထန်နေ

RFA Burmese
2024.08.17
ဒီပဲယင်းမြို့ပေါ်မှာ တိုက်ပွဲပြင်းထန်နေ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် မကြီးအုပ်ရွာအား စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲခဲ့သည်ကို ၂၀၂၄ ခုနှစ်၊ မေလ ၁၁ ရက်နေ့က တွေ့ရစဉ်။
Facebook/ ဒီပဲယင်းမြို့နယ်ညီနောင်များ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ပေါ်မှာ ဩဂုတ်လ ၁၇ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်းကနေ ခုနစ်ကြိမ်ထက်မနည်း ဗုံးကြဲတာနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီပဲယင်းမြို့နဲ့ အနီးတစ်၀ိုက်ကို စစ်ကောင်စီတပ်က Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ အနီးကပ် ပစ်ခတ်တိုက်ခိုက်နေသလို Y-12 လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေပါ လုပ်နေတာလို့ ဆိုပါတယ်။

ဩဂုတ်လ ၁၅ ရက်နေ့ကစလို့ ဒီနေ့အထိ သုံးရက်ဆက်တိုက် တိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပြီး ဖုန်းလိုင်းတွေပါ ပြတ်တောက်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ဒီပဲယင်းအထိုင်တပ်နဲ့ ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်နေတယ်။ မနေ့က လေယာဉ်နဲ့ပစ်တယ်။ ဒီနေ့မနက်ကတော့ ပိုဆိုးတယ်၊ ရဟတ်ယာဉ်လည်းသုံးတယ်။ ဗုံးကြဲတာတွေလည်း လုပ်နေတယ်။ ဘယ်နေရာကိုကျတယ်ဆိုတာ အတိအကျမသိရသေးဘူး။ အခုက ဖုန်းလိုင်းတွေလည်း အကုန်ဖြတ်ခံထားရတယ်"

ဒီပဲယင်းမြို့နယ်နဲ့ ကပ်ရပ်ဖြစ်တဲ့ ရေဦးမြို့ပေါ်က ထွက်လာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းကလည်း ဒီပဲယင်းမြို့ဆီ ဦးတည်သွားနေပြီး ရေဦးမြို့နယ်ထဲမှာရှိတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက အဲဒီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်တာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

အင်အား ကိုးဆယ်ခန့်ပါတဲ့ အဲဒီစစ်ကြောင်းဟာ ဒီပဲယင်းမြို့နယ်ထဲကို ဝင်ရောက်ဖို့ကြိုးစားနေပြီး ရေဦးမြို့နယ်နဲ့ ဒီပဲယင်းမြို့နယ်အစပ်က မစိုးရိမ်ရွာနဲ့ အောင်သာရွာအကြားမှာ ရောက်နေတယ်လို့ ဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

ဒီပဲယင်းမြို့ပေါ်ကတိုက်ပွဲတွေနဲ့ ရေဦးမြို့နယ်က စစ်ကြောင်းကြောင့် နှစ်မြို့နယ်ပေါင်းက လူတစ်သောင်းခန့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။