AA ကို အကြမ်းဖက်အဖွဲ့ကနေ ပယ်ဖျက်ရေး ရခိုင်လွှတ်တော်မှာ ဆွေးနွေး

2021-01-11
Share

ရက္ခိုင့်တပ်တော် (AA) ကို အကြမ်းဖက်အဖွဲ့အဖြစ် ပြည်ထောင်စုအစိုးရက သတ်မှတ်ကြေညာထားတာကို ပယ်ဖျက်ပေးဖို့ ပြည်နယ်အစိုးရကနေတစ်ဆင့် ပြည်ထောင်စုအစိုးရကိုတိုက်တွန်းတဲ့ ဒီအဆိုကို မြောက်ဦး မြို့နယ်က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က ဒီနေ့ကျင်းပတဲ့ ရခိုင်ပြည်နယ် လွှတ်တော်မှာ တင်သွင်းလိုက်တာပါ။

အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားတာဟာ ထာဝရငြိမ်းချမ်းရေးအတွက် အဟန့်အတားတစ်ခု ဖြစ်နေတာကြောင့် ပယ်ဖျက်ပေးဖို့အဆိုတင်တာလို့ ဦးထွန်းသာစိန်က ပြောပါတယ်။

"အဲဒီသတ်မှတ်ချက်ကို မဖျက်ပေးလို့ရှိရင် အခု ပန်ဆန်းမှာ (AA) နဲ့ တွေ့တဲ့ တပ်မတော် ခေါင်းဆောင်တွေ ရော၊ အွန်လိုင်းမှာ(AA နဲ့) တွေ့တဲ့ တပ်မတော်ခေါင်းဆောင်တွေရော အကြမ်းဖက်အဖွဲ့တစ်ခုနဲ့ ဆက်နွယ် ပတ်သက်နေသလို ဖြစ်နေတယ်။ ဒါကြောင့် ဒါဟာ ထာဝရငြိမ်းချမ်းရေးအတွက် တကယ့်ကို အဟန့်အတား တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီအဆိုကို တင်ရခြင်း ဖြစ်ပါတယ်။"

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ AA အဖွဲ့တို့အကြား ပြီးခဲ့တဲ့ နိုဝင်ဘာလကစပြီး အပစ်အခတ်တွေ ရပ်စဲနေပြီ ဖြစ်သလို ငြိမ်းချမ်းရေးအတွက် အပြန်အလှန်ဆွေးနွေးမှုတွေလည်းရှိနေလို့ အဟန့်အတားဖြစ်နေတဲ့ ဒီအကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားတဲ့ကိစ္စကို အစိုးရက ပြန်လည်ရုတ်သိမ်းသင့်ပြီလို့လည်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်ကပြောပါတယ်။

ဒီအဆိုကို လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ခံဆွေးနွေးပြီးနောက် ကန့်ကွက်မယ့်သူမရှိတာကြောင့် ဆက်လက်ဆွေးနွေးဖို့ လွှတ်တော်က ဆုံးဖြတ်လိုက်ပါတယ်။ လာမယ့် ဇန်နဝါရီလ ၁၃ ရက်နေ့ ညနေကို နောက်ဆုံးထားပြီး ဆွေးနွေးမယ့် လွှတ်တော်ကိုယ်စားလှယ်တွေက အမည်စာရင်း တင်သွင်းကြဖို့လည်း လွှတ်တော်က ကြေညာခဲ့ပါတယ်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ် စည်ပင်ဝန်ကြီး ဦးဝင်းမြင့်ကတော့ ဒီအဆိုနဲ့ ပတ်သက်လို့ တစ်စုံတရာ မှတ်ချက်မပေးလိုဘူးလို့ RFA ကိုပြောပါတယ်။

ဒီကိစ္စဟာ ပြည်ထောင်စုအစိုးရနဲ့သာ သက်ဆိုင်တာကြောင့် အဆိုအတည်ဖြစ်ခဲ့ရင်လည်း ပြည်နယ်အစိုးရက ပြည်ထောင်စုအစိုးရကို ဆက်လက်တင်ပြသွားဖို့ပဲ ရှိတယ်လို့ ဝန်ကြီး ဦးဝင်းမြင့်က ပြောပါတယ်။

"အဆိုအောင်ခဲ့ရင်လည်း ပယ်ဖျက်ဖို့၊ မပယ်ဖျက်ဖို့အလုပ်က ပြည်ထောင်စုဘက်က အလုပ်ပဲ။ ငါတို့ကတော့ ဒါကို ပြည်ထောင်စုကို တင်ပေးလိုက်ရမယ့် တာဝန်ပဲရှိတာ။ ပြည်ထောင်စုနဲ့ ဆိုင်တဲ့ဟာကို ပြည်ထောင်စုကို တင်ပေးရတယ်၊ ပြည်နယ်က လုပ်ဆောင်ပေးလို့ရတဲ့ အဆိုမျိုးဆို ပြည်နယ်က လုပ်ဆောင်ပေးတယ်။ ပြည်ထောင်စုက လုပ်ပေးမှရမယ့် အဆိုတို့မေးခွန်းတို့ဆိုရင်လည်း ပြည်ထောင်စုကို တင်ပေးလိုက်တယ်။"

ပြည်နယ်လွှတ်တော်ဟာ ပြည်နယ်အစိုးရအပေါ်မှာပဲ အခွင့်အာဏာ သက်ရောက်တာကြောင့် ပြည်ထောင်စု အစိုးရ နဲ့ သက်ဆိုင်တဲ့ကိစ္စရပ်တွေကို ပြည်နယ်အစိုးရကနေတစ်ဆင့် တိုက်တွန်းမှုတွေ လုပ်ဆောင်ရလေ့ ရှိတာပါ။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းကတော့ ပြည်နယ်လွှတ်တော်ရဲ့တိုက်တွန်းချက်ကို ပြည်ထောင်စုအစိုးရက လိုက်နာဖို့ မသေချာဘူးလို့ သုံးသပ်ပါတယ်။

"သူတို့က တိုက်တွန်းတဲ့အတွက်မို့လို့ ပြည်ထောင်စုလွှတ်တော်က လိုက်နာချင်မှ လိုက်နာမှာ၊ ပြည်ထောင်စု အစိုးရက ယူချင်မှယူမှာ၊ တပ်မတော်ကလည်း လိုက်နာချင်မှ လိုက်နာမှာ။ အဲလို တိုက်တွန်းတာပဲ ဖြစ်စေ၊ သူတို့ ဥပဒေပြုခွင့်ရှိလို့ ဥပဒေပြုတာပဲ ဖြစ်စေ ပြဿနာတွေပေါ်လာတဲ့ အခါကျတော့ ပြည်ထောင်စုအစိုးရနဲ့ တပ်မတော်ကပဲ ဆောင်ရွက်ရတဲ့ကိစ္စမျိုးဖြစ်လို့ရှိရင် တပ်မတော်နဲ့ ပြည်ထောင်စုအစိုးရကတော့ ပြည်ထောင်စုအစိုးရ၊ ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတဲ့ အတိုင်းပဲ ဆုံးဖြတ်ထားတဲ့အတိုင်းပဲလုပ်မှာ။ ဆိုတော့ အခုဒီဥစ္စာကလည်း သူတို့လည်းကြိုက်သလို အဆိုပြုလို့ရတယ်။ အထက်ကလည်း လုပ်ချင်မှလုပ်မှာ။"

ရက္ခိုင့်တပ်တော် AA နဲ့ သူ့ရဲ့ နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်တဲ့ ULA တို့ကို အစိုးရက မတရားသင်း အဖြစ်ရော အကြမ်းဖက်အဖွဲ့အဖြစ်ပါ သတ်မှတ်တဲ့အကြောင်း ပြည်ထဲရေးဝန်ကြီး လက်မှတ်ထိုးပြီး ပြီးခဲ့တဲ့နှစ် မတ်လ ၂၃ ရက်နေ့က ကြေညာခဲ့တာပါ။

ရက္ခိုင့်တပ်တော် AA ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၊ ဒုတိယ စစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်၊ ဗိုလ်မှူးကြီး ကျော်ဟန်နဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခတို့ကိုလည်း အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ အစိုးရက ပြီးခဲ့တဲ့နှစ်က အမှုဖွင့်ထားပါတယ်။

AA အဖွဲ့ကို ဆက်သွယ်မေးမြန်းမှုနဲ့ ပြည်တွင်းကသတင်းမီဒီယာသမားအချို့ကိုလည်း အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ အစိုးရက အရေးယူဖို့ကြိုးစားမှုတွေရှိခဲ့ပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းတွေကို စောင့်ကြည့်နေတဲ့ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု (MIPS) က အမှုဆောင် ညွှန်ကြားရေးမှူး ဒေါက်တာ မင်းဇော်ဦးကတော့ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ချက် ကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ရပ်တန့်သွားမှာမဟုတ်ဘူးလို့ မြင်ပါတယ်။

"‌လောလောဆယ် အနေအထားမှာတော့ ကျွန်တော်တို့ ကြည့်ရသလောက်တော့ အကြမ်းဖက်အဖွဲ့လို့ သတ်မှတ်ထားခြင်းကြောင့် မဆွေးနွေးဘူးဆိုတဲ့ ပေါ်လစီကတော့ တပ်ဘက်မှာလည်းမရှိဘူး။ အစိုးရဘက်မှာလည်း အဲလိုမျိုးပြောတာ မရှိသေးဘူး။ အဲတော့ ဆွေးနွေးပွဲအနေနဲ့ကတော့ တစ်စုံတစ်ရာတော့ ဒီသတ်မှတ်ချက်ကြောင့်တော့ ဆွေးနွေးပွဲမဖြစ်ဘူးဆိုတဲ့ အခြေခံတွေတော့ မရှိသေးဘူးပေါ့။ ဒါပေမဲ့ တစ်ခုရှိတာကတော့ ကျွန်တော်တို့ အောက်ခြေမှာတော့ ဒီအဖွဲ့အစည်းနဲ့ ပတ်သက်တယ်ဆိုလို့ရှိရင်တော့ အကြမ်းဖက်ဥပဒေအရ ဖမ်းဆီးထိန်းသိမ်းလို့ရတယ်ဆိုတဲ့ သဘောသဘာဝတွေကရှိတာပေါ့။"

ဒီနေ့ ရခိုင်ပြည်နယ်လွှတ်တော်မှာ အဆိုတင်သွင်းတဲ့ကိစ္စနဲ့ပတ်သက်လို့ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးကို RFA က အွန်လိုင်းကနေတစ်ဆင့် ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

NLD ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွှန့်ကတော့ အေအေ အဖွဲ့ကို အကြမ်းဖက်အဖွဲ့ကနေ ပယ်ဖျက်ရေးကိစ္စဟာ တပ်မတော်က သဘောထားပေးလာမှ အစိုးရက ဆောင်ရွက်ရမယ့်ကိစ္စဖြစ်တယ်လို့ ဆိုပါတယ်။

"AA နဲ့ပတ်သက်ရင် ကျွန်တော်တို့ လတ်တလော ပြဿနာက လုံခြုံရေးပြဿနာပါခင်ဗျ။ အဲတော့ လတ်တလောပြဿနာတွေအတွက် လုံခြုံရေးမှာဆို တပ်မတော်ရဲ့တင်ပြချက်က အရေးကြီးပါတယ်။ လောလောဆယ် AA နဲ့ တွေ့ဆုံဆွေးနွေးခဲ့တာလည်း တပ်မတော်ပဲဖြစ်ပါတယ်။ အဲဒီလိုပယ်ဖျက်ဖို့ဆိုရင် တပ်မတော်ကပဲ အဓိကထောက်ခံတင်ပြသင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။ အကယ်၍ ကျွန်တော်တို့ ပယ်ဖျက်လိုက်ပြီးတော့မှ တပ်မတော်ရဲ့လှုပ်ရှားဆောင်ရွက်မှုတွေမှာ ပိုပြီးတော့ အခက်အခဲဖြစ်လာမယ် ဆိုရင် တပ်မတော်ပဲ ခံစားရမှာဖြစ်ပါတယ်။ အဲတော့ လုံခြုံရေးနဲ့ဆိုင်တဲ့ပြဿနာကို အဓိကသက်ဆိုင်တဲ့ တပ်မတော်ရဲ့ထောက်ခံချက်အရ ကျွန်တော်တို့ ဆက်လက်ဆောင်ရွက်သင့်ပါတယ်လို့ မှတ်ချက် ပြုပါတယ်။"

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ အေအေအဖွဲ့ကို အကြမ်းဖက် အဖွဲ့အဖြစ်ကြေညာထားရာကနေ ပယ်ဖျက်ပေးဖို့ တပ်မတော်ဘက်က အစိုးရကို သဘောထားပေးထားတာ မရှိဘူးလို့ RFA ကိုပြောပါတယ်။

အကြမ်းဖက်အဖွဲ့အဖြစ်ကနေ ရုတ်သိမ်းရေးကိစ္စဟာ ငြိမ်းချမ်းရေးအခြေအနေ တိုးတက်မှုအပေါ်မှာ မူတည်တယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက တုံ့ပြန်ပါတယ်။

"AA နဲ့က ကျွန်တော်တို့အနေနဲ့က ဆွေးနွေးမှုတွေ လုပ်ခဲ့တာရှိတယ်။ ဆွေးနွေးမှုတွေရဲ့အဓိက ရည်ရွယ်ချက်က ငြိမ်းချမ်းရေးဖြစ်စဉ်တွေ ပိုမိုတိုးတက်လာဖို့အတွက်ပဲ ဖြစ်တယ်။ မြန်မာ့သမိုင်းစဉ် တစ်လျှောက်လုံးမှာလည်း ကျွန်တော်ပြောသလိုပေါ့ အရင်တုန်းကလည်း မတရားအသင်းကြေညာထားတဲ့ အဖွဲ့တွေ ရှိတယ်။ ဒီလိုပဲဆွေးနွေးခဲ့တာပဲဖြစ်တယ်။ ဆွေးနွေးပြီးတဲ့နောက်ပိုင်းမှာ အခြေအနေတစ်ခုကို ရောက်လာတဲ့အချိန်မှာ ပယ်ဖျက်ပေးလိုက်တာပဲ။ ဒါတွေကတော့ ဘယ်အပေါ်မှာမူတည်နေသလဲဆိုတော့
(၁)ကတော့ လက်တွေ့မြေပြင်အခြေအနေ၊
(၂)ကတော့ ဆက်လက်တိုးတက်ဖြစ်ပေါ်လာနိုင်မယ့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအခြေအနေ၊
(၃)ကတော့ ဆက်လက်တိုးတက်ဖြစ်ပေါ်လာနိုင်မယ့် ငြိမ်းချမ်းရေးဆွေးနွေးမှုအခြေအနေပေါ်မှာ မူတည်လိမ့်မယ်လို့ ကျွန်တော်ပြောချင်ပါတယ်။"

ဒီကိစ္စနဲ့ပတ်သက်လို့ ရက္ခိုင့်တပ်တော် (AA)ရဲ့ သဘောထားကိုသိနိုင်ဖို့ AA အဖွဲ့ပြောခွင့်ရသူ ခိုင်သုခ ကို RFA က ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

ရခိုင်ပြည်နယ်မှာ စစ်ပွဲတွေ ပြင်းထန်ခဲ့တဲ့ ပြီးခဲ့တဲ့ အချိန် ၂ နှစ်တာအတွင်း ရက္ခိုင့်တပ်တော် (AA)နဲ့ ဆက်နွယ်တယ်ဆိုတဲ့စွပ်စွဲချက်ကြောင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့အမှုဖွင့်ခံထားရသူပေါင်း ( ၂၇၀ ) ခန့်ရှိတယ်လို့ ဒီအမှုတွေကို လိုက်ပါကူညီပေးနေတဲ့ စစ်တွေမြို့အခြေစိုက် သဇင်ဥပဒေ အထောက်အကူပြု အဖွဲ့ကပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့