ရန်ကုန်မှာ ဒေါ်လာရောင်းဝယ်သူ ၁၀ ဦးထက်မနည်း ဖမ်းဆီးစစ်ဆေးခံရ
2023.06.24
စစ်ကောင်စီလက်အောက်ခံ ဘဏ်နှစ်ခု ပိတ်ဆို့ခံရပြီးနောက် ဒေါ်လာစျေးတက်သွား တာကြောင့် ရန်ကုန်မြို့က လိုင်စင်ရနိုင်ငံခြားငွေလဲလှယ်ရေးအေဂျင်စီ (Money Changer) ဝန်ထမ်းလေးဦးအပါအဝင် ဒေါ်လာအရောင်းအဝယ်လုပ်သူ ၁၀ ဦးထက်မနည်း ဖမ်းဆီးစစ်ဆေးခံရတယ်လို့ ဒေါ်လာရောင်းဝယ်ကြသူတွေက ပြောပါတယ်။
မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်း ရောင်းဝယ်ရေးဘဏ် (MICB) တို့ကို ပိတ်ဆို့အရေးယူလိုက်ကြောင်း အမေရိကန်ဘဏ္ဍာရေး ဝန်ကြီးဌာနက ဇွန်လ ၂၁ ရက်နေ့မှာ ကြေညာခဲ့တာပါ။
အဲဒီနောက်ပိုင်း ပန်းဘဲတန်းမြို့နယ်၊ ရွှေဘုံသာ(အလယ်)လမ်းက ဒေါ်လာရောင်းဝယ်သူ အများစု ဖမ်းဆီးခံရပြီး ပြန်လွတ်သူတချို့တော့ရှိတယ်လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ဒေါ်လာရောင်းဝယ်သူတစ်ဦးက RFA ကို ပြောပါတယ်။
"အဖမ်းခံရတယ်ဆိုတာမှန်ပါတယ်။ အဲဒီအထဲမှာမှ MC (Money Changer) က လေးယောက်လည်း ပါပါတယ်။ တချို့ပြန်လွတ်တယ်လို့လည်း ကြားတယ်။ ဘယ်နှစ်ယောက်ပြန်လွတ်လဲတော့ မသိရသေးဘူး"
နိုင်ငံခြားငွေလဲလှယ်ရေးအေဂျင်စီ ဝန်ထမ်းလေးဦးကတော့ သတ်မှတ်စျေးနှုန်းအတိုင်း လဲလှယ်ခြင်းမရှိတာကြောင့် ဖမ်းဆီးစစ်ဆေးခံတာလို့ ဆိုပါတယ်။
ဖမ်းဆီးခံရသူတွေအရေအတွက်နဲ့ နောက်ဆက်တွဲအခြေအနေအသေးစိတ်ကိုတော့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံခြားငွေကြေးဈေးကွက်မှာ အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းကို ဗဟိုဘဏ်က တစ်ဒေါ်လာ ၂၁၀၀ ကျပ်အဖြစ် ပုံသေ သတ်မှတ်ထားခဲ့တာပါ။
ဒါပေမဲ့ အမေရိကန်နိုင်ငံက စစ်ကောင်စီလက်အောက်ခံ ဘဏ်နှစ်ခုကို ပိတ်ဆို့ အရေးယူလိုက်တဲ့နောက်ပိုင်းမှာ တစ်ဒေါ်လာကို ၂၉၂၀ - ၂၉၂၂ ကျပ်နှုန်းနဲ့ AD လိုင်စင်ရဘဏ်တွေကို ဗဟိုဘဏ်က ရောင်းဝယ်ပေးခဲ့တယ်လို့ ဇွန်လ ၂၂ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ဘဏ်နှစ်ခုကို ပိတ်ဆို့ အရေးယူတာနဲ့ပတ်သက်ပြီး အမေရိကန်ဟာ နိုင်ငံရေး၊ စီးပွားရေးအရ အကျပ်အတည်း ဖြစ်အောင် လုပ်နေတာလို့ ဇွန်လ ၂၀ ရက်နေ့က စစ်ကောင်စီပိုင် မီဒီယာတွေကနေတစ်ဆင့် ပြောဆိုထားပါတယ်။
ဇွန်လ ၂၄ ရက်၊ ဒီနေ့ ပြင်ပစျေးကွက်မှာ အမေရိကန်တစ်ဒေါ်လာကို ရောင်းဝယ်စျေး ကျပ် ၃၁၅၀ ဝန်းကျင် စျေးပေါက်နေပြီး ကျပ် ၃၀၅၀ ဝန်းကျင်က အရောင်းအဝယ် ပိုဖြစ်နေတယ်လို့ ဒေါ်လာရောင်းဝယ်သူတွေက ပြောပါတယ်။