ရွှေနဲ့ ဒေါ်လာဈေးကွက်က လုပ်ငန်းရှင်တွေ ဆက်လက်ဖမ်းဆီးခံနေရ

ရွှေနဲ့ ဒေါ်လာဈေးကစားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ရွှေလုပ်ငန်းလုပ်ကိုင်သူတွေကို စစ်ကောင်စီက ဆက်လက်ဖမ်းဆီးစစ်ဆေးနေတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက ဇူလိုင်လ ၃ ရက်မှာ RFA ကို ပြောပါတယ်။

ဒီနေ့အထိ ရွှေလုပ်ငန်းလုပ်ကိုင်နေသူတွေနဲ့ ဒေါ်လာဝယ်ရောင်းလုပ်ကြတဲ့ လုပ်ငန်းရှင်တွေ ဆက်လက်ဖမ်းဆီးစစ်ဆေးခံနေရတယ်ဆိုတာ မှန်ကန်ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

“အခုနည်းနည်းနည်းနည်းတော့ သူတို့လိုတဲ့သူတွေ ခေါ်မေးနေကြတာပေါ့။ ပြန်တော့မလွတ်ကြသေးဘူး။ ရွှေနဲ့ပတ်သက်တာ ကျွန်တော် သိသလောက် ဆယ်ယောက်ကျော်ရှိတယ်။ ကျန်တဲ့ ဒေါ်လာတို့ ကုမ္ပဏီသမားတို့ကျတော့ အခန်းတွေခွဲထားတော့ ကျွန်တော်တို့လည်း မမြင်ရဘူး”

ဖမ်းဆီးခံရတဲ့ လုပ်ငန်းရှင် တစ်ရာနီးပါးအထိရှိလာပြီလို့ သတင်းတွေထွက်နေပေမယ့် အရေအတွက် အတိအကျကိုတော့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်း ရောင်းဝယ်ရေးဘဏ် (MICB) တို့ကို အမေရိကန်က ပိတ်ဆို့အရေးယူလိုက်ကြောင်း ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့မှာ ကြေညာခဲ့ပြီးနောက် ဒေါ်လာနဲ့ ရွှေဈေး မြင့်တက်လာတာပါ။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဘဏ်နှစ်ခုကို ပိတ်ဆို့အရေးယူတာနဲ့ ပတ်သက်ပြီး အမေရိကန်ဟာ နိုင်ငံရေး၊ စီးပွားရေးအရ အကျပ်အတည်းဖြစ်အောင်လုပ်နေတာလို့ ဇွန်လ ၂၀ ရက်နေ့က စစ်ကောင်စီပိုင် မီဒီယာတွေကနေတစ်ဆင့် ပြောဆိုထားပါတယ်။

အဲဒီနောက်မှာတော့ ရွှေနဲ့ ဒေါ်လာဈေးကစားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စီးပွားရေး လုပ်ငန်းရှင်တွေကို စစ်ကောင်စီက ဆက်တိုက်ဖမ်းဆီးစစ်ဆေးနေတာပါ။

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ကတော့ ဒေါ်လာနဲ့ ရွှေဈေးမြင့်တက်လာတာကို ထိန်းချုပ်ဖို့ ရန်ကုန်နဲ့ မန္တလေးက နိုင်ငံခြားငွေလဲလှယ်နှုန်း ဈေးကစားသူ၊ တရားမဝင် နိုင်ငံခြားငွေရောင်းဝယ်သူ၊ တရားမဝင် နိုင်ငံခြားငွေ လွှဲပြောင်းသူ ၅၁ ဦးနဲ့ ကုမ္ပဏီသုံးခုကို ဖမ်းဆီးအရေးယူထားတယ်လို့ ဇွန်လ ၂၃ ရက်နေ့က ထုတ်ပြန်ထားပါတယ်။