ဒေါက်တာအေးမောင်ကို နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ဖို့ မရှိကြောင်း NLD ပါတီပြော


2019.03.21
dr-myonyunt-nld-622.JPG NLD ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့် ကို တွေ့ရစဉ်
Photo: Wai Mar Tun/RFA

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်တရားရုံးက ဒေါက်တာအေးမောင်ကို နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရတာနဲ့ ပတ်သက်ပြီး NLD ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြည်ထောင်စုကနေ ခွဲထွက်ဖို့ အယူအဆကို ဟောပြောခဲ့ တာကြောင့် ပြစ်ဒဏ်ချမှတ်ခံရရင် နိုင်ငံရေးအကျဉ်းသားလို့ သတ်မှတ်လို့မရဘဲ ရာဇဝတ်ပြစ်မှုလို့သာ သတ်မှတ်ရ မှာဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ပတ်သက်တဲ့ကိစ္စရပ်တွေဟာ ပြည်ထောင်စုအရေးမှာ အထိမခံတဲ့ကိစ္စဖြစ်ပြီး လွတ်လပ်တဲ့ ရခိုင်နိုင်ငံတော်ဆိုတဲ့ကိစ္စတွေကို ထည့်သွင်းဟောပြောခဲ့မယ်ဆိုရင် နိုင်ငံတော်သစ္စာဖောက်မှု ဥပဒေအရသာ အရေးယူရမှာဖြစ်တယ်လို့ သူက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း နိုင်ငံရေးပဋိပက္ခတွေများပြားနေတဲ့ အခုလိုအချိန်မှာ တရားရုံးက ဒေါက်တာအေးမောင်ကို အရေးယူလိုက်တာကြောင့် လူမျိုးစွဲစိတ်ပြင်းထန်သူတွေအတွက် မကျေနပ်စရာဖြစ်ကောင်း ဖြစ်နိုင်ပေမယ့် ဥပဒေနဲ့အညီသာ ဆောင်ရွက်ရမှာဖြစ်တယ်လို့ ပြောပါတယ်။

လွတ်လပ်စွာပြောဆိုခွင့်ဆိုပြီး ပြည်ထောင်စုပြိုကွဲစေမယ့် အယူအဆတွေကို ဟောပြောမယ်ဆိုရင် ကျန်တဲ့ ပြည်နယ်တွေပါ ပျံ့ပွားသွားပြီး ပြည်ထောင်စုပြိုကွဲသွားမှာ ဖြစ်တယ်လို့ သူကပြောပါတယ်။

စစ်တွေခရိုင်တရားရုံးအနေနဲ့လည်း အထောက်အထားတွေအရ ဆောင်ရွက်တာသာဖြစ်ပြီး တရားရုံးရဲ့ စီရင်ချက်တွေကိုလည်း အုပ်ချုပ်ရေးပိုင်းက ဝင်ရောက်စွက်ဖက်တဲ့ အနေအထားမရှိနိုင်ဘူးလို့ ပြောပါတယ်။

ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့ကို အခုလ ၁၉ ရက်နေ့က စစ်တွေခရိုင်တရားရုံးက နိုင်ငံတော်ပုန်ကန်မှုအတွက် ထောင်ဒဏ် နှစ် ၂၀၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုအတွက် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ပြီး ပြစ်ဒဏ်ကို တပေါင်းတည်းကျခံစေဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ဒေါက်တာအေးမောင်ဟာ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလတုန်းက ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှာ ကျင်းပခဲ့တဲ့ စာပေဟောပြောပွဲတစ်ခုမှာ ရခိုင်လက်နက်ကိုင်တော်လှန်ရေးကိစ္စ ထည့်သွင်းဟောပြောခဲ့တယ်ဆိုပြီး တရားမစွဲဆို ပြစ်ဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုအောင်သိင်္ခနဲ့ မဝေမာထွန်းတို့ ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။