တန်းတူူညီတူအခွင့်အရေးအတွက် ကြိုးပမ်းနေတာလို့ AA ပြော


2019.03.24
dr-nyotunaung-interview-622.jpg ရက္ခိုင့်တပ်မတော် AA ရဲ့ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဒေါက်တာ ညိုထွန်းအောင်ကို တွေ့ရစဉ်
Photo: Elizabeth/ RFA

ရက္ခိုင့်တပ်မတော် AA ရဲ့ နိုင်ငံရေး၊ စစ်ရေး လုပ်ဆောင်ချက်တွေဟာ ပြည်ထောင်စုပြိုကွဲရေးကို လုပ်ဆောင်နေတာ မဟုတ်ဘဲ တန်းတူညီတူ အခွင့်အရေးအတွက် ကြိုးပမ်းမှုသာဖြစ်တယ်လို့ AA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဒေါက်တာ ညိုထွန်းအောင်က ပြောလိုက်ပါတယ်။

RFA နဲ့ မတ်လ ၂၁ ရက်နေ့က သီးသန့်တွေ့ဆုံမေးမြန်းရာမှာ ဗိုလ်မှူးချုပ် ဒေါက်တာ ညိုထွန်းအောင်က အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။

ဒီတွေ့ဆုံမေးမြန်းချက်မှာ ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးနေ့က AA က ယိုးတရုပ်ရဲကင်းစခန်း ကို တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး နေရာအချိန်အတိအကျ စီစဉ်ရွေးချယ်ထားတာမျိုး မဟုတ်ဘဲ တခြားဒေသတွေက စစ်ရေးဖိအားတွေကို လျော့ချဖို့အတွက် ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း၊ စခန်းကို ဝင်ရောက်တိုက်ခိုက်စဉ် ကျဆုံးခဲ့တဲ့ ရခိုင်အမျိုးသား ရဲတပ်ဖွဲဝင်တွေရဲ့ မိသားစုဝင်တွေကိုလည်း AA အနေနဲ့ တောင်းပန်သွားဖို့ရှိကြောင်း ပြောပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က AA အဖွဲ့ကို အကြမ်းဖက်သောင်းကျန်းသူအဖြစ် သတ်မှတ်ပြီး ပြောဆိုခဲ့တာနဲ့ ပတ်သက်လို့ AA အနေနဲ့ အကြမ်းဖက်လုပ်ရပ်တွေကို မလုပ်ဆောင်တဲ့အကြောင်း၊ အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ် ARSA နဲ့လည်း ပတ်သက်မှုလုံးဝမရှိကြောင်း၊ အများက စွပ်စွဲပြောဆိုနေကြတဲ့ မူးယစ်ဆေးဝါး လုပ်ငန်းတွေနဲ့ ပတ်သက်ခြင်းမရှိကြောင်းလည်း ဒေါက်တာ ညိုထွန်းအောင်က ငြင်းဆိုထားပါတယ်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ FPNCC အဖွဲ့ရဲ့ မူဝါဒအတိုင်း လိုက်နာဆောင်ရွက်သွားမှာဖြစ်ကြောင်း RFA နဲ့ တွေ့ဆုံမေးမြန်းချက်မှာ ဖြေကြားထားပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မအဲလိဇဘက်ဂျန်မာ ပေးပို့လိုက်တာပါ။

ဒီသတင်းနဲ့ ပတ်သက်တဲ့  တွေ့ဆုံမေးမြန်းချက် အပြည့်အစုံကို RFA Website နဲ့ Face book စာမျက်နှာမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။