ဒေါ်အောင်ဆန်းစုကြည်အမှုအတွက် ဒေါက်တာ ဇော်မြင့်မောင် သက်သေထွက်ခွင့်မရ

2021.12.13
ဒေါ်အောင်ဆန်းစုကြည်အမှုအတွက် ဒေါက်တာ ဇော်မြင့်မောင် သက်သေထွက်ခွင့်မရ ဒေါက်တာ ဇော်မြင့်မောင် ကို ၂၀၁၉၊ ဂျူလိုင် ၂၁ ရက်နေ့က နေပြည်တော်မှာ တွေ့ရစဉ်
Photo: RFA

ဒေါ်အောင်ဆန်းစုကြည် ကို စွဲထားတဲ့ သဘာဝဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှု ပုဒ်မ - ၂၅ အတွက် မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် ကိုယ်တိုင် နေပြည်တော် အထူးတရားရုံးထိ သက်သေ လာရောက်ထွက်ဆိုဖို့ ကိစ္စကို ထောင်အာဏာပိုင်တွေက ကျန်းမာရေးအကြောင်းပြချက်နဲ့ ခွင့်မပြုခဲ့ဘူးလို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ပုဒ်မ-၂၅ နဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို စွဲထားတဲ့အမှုကို ဒီဇင်ဘာလ ၁၃ ရက်နေ့ ဒီနေ့ နေပြည်တော် အထူးတရားရုံးမှာ စစ်ဆေးခဲ့ပြီး ဒေါက်တာ ဇော်မြင့်မောင် သက်သေလာထွက်ဖို့ ရှိနေတာပါ။

နေပြည်တော် အထူးတရားရုံးက ဒေါက်တာဇော်မြင့်မောင် ကိုယ်တိုင်လာရောက်ထွက်ဆိုဖို့ ဆင့်ခေါ် ထားပေမယ့် မန္တလေး အိုးဘိုထောင်ဆရာဝန်ရဲ့ ဆေးစာအရ ထောင်အာဏာပိုင်တွေက ခရီးသွားလာခွင့် မပေးခဲ့တဲ့အကြောင်း နေပြည်တော် အထူးတရားရုံး တရားသူကြီးက ပြောဆိုခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူ တွေက RFA ကို ပြောပါတယ်။

ဒေါက်တာ ဇော်မြင့်မောင် ဟာ ကျန်းမာရေးကောင်းမွန်နေပြီဖြစ်လို့ နေပြည်တော်ထိ လူကိုယ်တိုင် လာရောက် ထွက်ဖို့ဆို ဆန္ဒရှိတဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေဘက်က နိုဝင်ဘာလ ၃၀ ရက် ရုံးချိန်း တုန်းက တရားရုံးကို တရားဝင် တင်ပြလျှောက်ထားခဲ့ပြီး ဖြစ်ပါတယ်။

ဒါပေမဲ့ ဒေါက်တာဇော်မြင့်မောင် လူကိုယ်တိုင် မလာနိုင်တာကြောင့် မန္တလေးထိလူလွှတ်ပြီး သက်သေ ထွက်ချက် သွားယူတာ၊ အွန်လိုင်းဗီဒီယိုစနစ်နဲ့ ရုံးထုတ်ပြီး သက်သေထွက်ချက်ရယူတာ စတဲ့နည်းလမ်းတွေကို သုံးဖို့ တရားသူကြီးက ပြောခဲ့ပြီး နောက်တစ်ပတ် တနင်္လာနေ့ ဒီဇင်ဘာ ၂၀ ရက်နေ့ ကို ရုံးချိန်း ပြန်ချိန်း လိုက်ပါတယ်။

မန္တလေးတိုင်း ဝန်ကြီးချုပ်ဟာ ပုဒ်မ ၅၀၅ (ခ)၊ သဘာဝဘေး ပုဒ်မ (၂၅) အမှုတွေနဲ့ ထောင်လေးနှစ် ချမှတ် ခံထားရပြီး မန္တလေး အိုးဘိုအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကိုတော့ စစ်ကောင်စီက နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရနိုင်တဲ့ အစိုးရ လျှို့ဝှက်ချက်များ ဥပဒေ ပုဒ်မ - ၃ (၁)(ဂ)၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ - ၅၅ အပါအဝင် စုစုပေါင်းအမှု ၁၁ ခုနဲ့ ဖမ်းဆီးတရားစွဲထားပါတယ်။

အဲဒီအထဲက သဘာဝဘေးဒဏ်နဲ့ ၅၀၅ (ခ) နှစ်မှုအတွက် ထောင်ဒဏ် လေးနှစ် ချမှတ်ခံထားရပြီး နှစ်နှစ် ပြန်လျှော့ပေးထားပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲ မဲမသမာမှု၊ ရဟတ်ယာဉ်ဝယ်ယူမှုနဲ့ ပတ်သက်တဲ့ နောက်တိုးအဂတိအမှု စတဲ့အမှု နှစ်ခုနဲ့လည်း ဒေါ်အောင်ဆန်းစုကြည်ကို ထပ်တိုးအရေးယူဖို့ စစ်ကောင်စီဘက်က စီစဉ်နေပါတယ်။ တကယ်လို့ တရားရုံးက နောက်တိုးနှစ်မှုကို စွဲချက်တင်ဖို့ ခွင့်ပြုလိုက်မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ပေါ် စွဲဆိုထားတဲ့အမှု စုစုပေါင်း ၁၃ မှု ဖြစ်လာတော့မှာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။