တနင်္သာရီမှာ စစ်ကောင်စီ ဒရုန်းဗုံးကြောင့် အရပ်သား လေးဦး သေဆုံး
2024.09.13
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်က ကျွဲထိန်းကုန်းရွာကို စက်တင်ဘာ ၁၁ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်က ဒရုန်းဗုံး ကြဲချတာကြောင့် ဒေသခံ လေးဦး သေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
သေဆုံးသူတွေဟာ အသက် ၆၀ အရွယ် ဒေါ်စန်းသီ၊ အသက် ၄၀ အရွယ် ဒေါ်စန်းသွယ်၊ အသက်၂၃ နှစ်အရွယ် ကိုနေနိုင်သူနဲ့ အသက် ၁၈ နှစ်အရွယ် မဖြူဇာအေး တို့ ဖြစ်တယ်လို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီဘက်က တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တနင်္သာရီဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"တိုက်ပွဲမဖြစ်ဘဲ ပစ်တာဗျ။ အမျိုးသမီးတစ်ယောက်နဲ့ အမျိုးသားတစ်ယောက်က နေရာမှာတင် ဆုံးသွားတာ။ ကျန်အမျိုးသမီးနှစ်ယောက်က ဆေးရုံရောက်မှ ဆုံးတာ။ အကုန်လုံးလည်း ကြောက်လန့်နေတာပေါ့၊ အိမ်တွေမှာတင် မနေရဲကြတော့ဘူး"
ကျွဲထိန်းကုန်းရွာဟာ အိမ်ခြေ လေးရာနဲ့ လူဦးရေ တစ်ထောင်နီးပါး နေထိုင်ပြီး အများစုဟာ နေအိမ်တွေမှာ မနေရဲတော့တာကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ သူက ပြောပါတယ်။
ဒီပစ်ခတ်မှုနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်း ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးသက်နိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။
RFA က ရရှိထားတဲ့ စာရင်းအရ စစ်တပ် အာဏာသိမ်းချိန်ကနေ ၂၀၂၄ ခုနှစ် မေလကုန်အထိ နိုင်ငံတစ်ဝန်းမှာ စစ်ကောင်စီ လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေကြောင့် စုစုပေါင်း အရပ်သား နှစ်ထောင်နီးပါး (၁၉၄၂ ဦး ) သေဆုံးခဲ့ပြီး ဒဏ်ရာရသူကတော့ လေးထောင်နီးပါး (၃၈၆၆ ဦး) အထိ ရှိပါတယ်။