ရန်ကုန်ပို့မဲ့ စိတ်ကြွဆေးပြား ခုနစ်သိန်း ဖမ်းမိ

RFA Burmese
2025.01.13
ရန်ကုန်ပို့မဲ့ စိတ်ကြွဆေးပြား ခုနစ်သိန်း ဖမ်းမိ ရှမ်းပြည်နယ်တောင်ပိုင်းမှ ရန်ကုန်မြို့သို့ သယ်ဆောင်လာ မူးယစ်ဆေးဝါးများအား မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ရဲတပ်ဖွဲ့မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့က ထုတ်ပြန်ခဲ့စဉ်။
CCDAC Myanmar Photo

ရှမ်းပြည်နယ်တောင်ပိုင်းကနေ ရန်ကုန်မြို့ကို သယ်ဆောင်လာတဲ့ ငွေကျပ် သိန်း ၆၅၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား အရေအတွက် ခုနစ်သိန်း ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ သတင်းစာတွေမှာ ဇန်နဝါရီ ၁၄ ရက် ဒီနေ့ ဖော်ပြပါတယ်။

ဇန်နဝါရီ ၄ ရက်နေ့က တောင်ကြီးမြို့ တောင်လေးလုံးရွာအနီး တောင်ကြီးမြို့ကနေ အောင်ပန်းမြို့ကို မောင်းနှင်လာတဲ့ ကားတစ်စီးပေါ်မှာ စိတ်ကြွရူးသွပ်ဆေးပြား လေးသိန်းကို အရင်ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

အဲဒီဖမ်းဆီးမှုနဲ့ ဆက်စပ်ပြီး ဇန်နဝါရီ ၅ ရက်နေ့မှာလည်း မန္တလေးတိုင်း သာစည်မြို့နယ် ကျွဲတပ်ဆုံရွာအနီးမှာ တောင်ကြီးကနေ ရန်ကုန်မြို့ကို မောင်းနှင်လာတဲ့ ကားတစ်စီးပေါ်ကနေ စိတ်ကြွရူးသွပ်ဆေး သုံးသိန်း ထပ်မံဖမ်းဆီးရမိခဲ့တာလို့ ဖော်ပြပါတယ်။ အဲဒီဆေးပြားတွေကို ရန်ကုန်မြို့မှာ ပြန်လည်ဖြန့်ဖြူးရောင်းချသူ သုံးဦးကိုလည်း ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။


ဒီနှစ်ပိုင်းတွေအတွင်း ရန်ကုန်မြို့မှာ စိတ်ကြွဆေး အပါအဝင် တခြားမူးယစ်ဆေးဝါးတွေ အလွယ်တကူ ဝယ်ယူလို့ရနေတယ်လို့ ရန်ကုန်မြို့ ကမာရွတ်မြို့နယ်မှာနေထိုင်တဲ့ အမျိုးသား တစ်ဦးက RFA ကို ပြောပါတယ်။

“ဒီဆေးပြားတွေက အရင်ကတော့ ခက်ချင်ခက်မယ် အခုတော့ အထာသိရင် အလွယ်တကူဝယ်လို့ရနေတာ လူငယ်တွေကြားမှာလည်း တော်တော်ပြန့်နေတာတွေ့ရတယ်”

ဇန်နဝါရီလ ပထမပတ်အတွင်းမှာပဲ ရှမ်းပြည်နယ် တောင်ကြီး၊ လွိုင်လင်၊ ကျိုင်းတုံနဲ့ တာချီလိတ်မြို့နယ်တွေမှာ ကျပ်ငွေ ဘီလီယံချီ တန်ဖိုးရှိတဲ့ ကျပ်ငွေ ဘီလီယံချီ တန်ဖိုးရှိတဲ့ ဘိန်းဖြူဘလောက်တုံး၊ စိတ်ကြွဆေးပြားနဲ့ Happy Water ဆေးပြားတွေ ဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးရဲတပ်ဖွဲ့ ထုတ်ပြန်ချက်တွေအပေါ် အခြေခံပြီး RFA က ပြုစုထားတဲ့ စာရင်းအရ ၂၀၂၄ ခုနှစ် တစ်နှစ်အတွင်း မြန်မာနိုင်ငံတစ်ဝန်းမှာ ကျပ်ငွေ တစ် ဘီလီယံနဲ့ အထက် မူးယစ်ဆေးဖမ်းဆီးမှုပေါင်း ၅၃ မှု ရှိခဲ့ပါတယ်။

ကျပ်ငွေ ဘီလီယံနဲ့ချီတဲ့ မူးယစ်ဆေးဝါးအများဆုံး ဖမ်းဆီးရမိတဲ့ မြို့တွေဟာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ တနင်္လာရီတိုင်းနဲ့ စစ်ကိုင်းတိုင်း ရှမ်းပြည်နယ်က ဖြစ်တာကို တွေ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။