မူးယစ်ဆေးသုံးစွဲသူ သုံးရာကျော်ကို ပြုပြင်ပေးခဲ့ကြောင်း TNLA ထုတ်ပြန်
2024.11.09
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်မှာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ ၃၂၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းပြီး ခြောက်လကြာ အကျင့်စာရိတ္တပြုပြင်ပေးခဲ့တယ်လို့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က နိုဝင်ဘာလ ၉ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ကျောက်မဲမြို့ကို စစ်ကောင်တပ် ထိန်းချုပ်ချိန်က ခွင့်ပြုချက်နဲ့ မူးယစ်ဆေးဝါးရောင်းဝယ်သူနဲ့ သုံးစွဲသူအများအပြားရှိခဲ့ပြီး ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကာလမှာတော့ TNLA က သိမ်းယူပြီးတဲ့နောက် ဒီလို မူးယစ်ဆေးရောင်းဝယ်သုံးစွဲသူ ၃၂၀ ကို ဖမ်းဆီးခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။
မူးယစ်ဆေးဝါးသုံးစွဲသူတွေကို အကျင့်စာရိတ္တပြုပြင်ရေးကျောင်းမှာ ခြောက်လကြာ ပြုပြင်ပေးခဲ့ပြီး ရောင်းဝယ်သူတွေကိုတော့ TNLA မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူဆောင်ရွက်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီက မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူတွေကို ခွင့်ပြုခဲ့တယ်ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ကျောက်မဲမြို့နယ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲသူ အမျိုးသား (၁၄၆) ဦး၊ အမျိုးသမီး (၁၁) ဦး၊ မူးယစ်ဆေးဝါးရောင်းဝယ်နေတဲ့ အမျိုးသား နှစ်ဦးနဲ့ အမျိုးသမီး တစ်ဦးအပါအဝင် အယောက် ၁၆၀ ဖမ်းဆီးခံထားရတယ်လို့ ဇူလိုင်လ ၁၁ ရက်နေ့မှာ TNLA က ထုတ်ပြန်ထားပါတယ်။
TNLA ထိန်းချုပ်နယ်မြေထဲမှာ မူးယစ်ဆေးသုံးလို့ ဖမ်းဆီးခံထားရတဲ့သူ အယောက် ၅ဝ ကိုတော့ ဆေးဖြတ်ပေးပြီးနောက် ပြန်လွှတ်ပေးလိုက်တယ်လို့ ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
TNLA ဟာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ နောင်ချို၊ မိုးကုတ်၊ မိုးမိတ်၊ ကျောက်မဲနဲ့ သီပေါ စတဲ့ မြို့ ငါးမြို့ကို သိမ်းယူနိုင်ခဲ့ပြီး ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းမှာ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ မိုင်းလုံ၊ မိုင်းငေါ့၊ ကွတ်ခိုင်နဲ့ နမ့်ခမ်း စတဲ့မြို့ပေါင်း ခုနစ်မြို့ကို သိမ်းပိုက်ခဲ့ပါတယ်။