ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ ဇွန်လ ၇ ရက် ဒီကနေ့ ညနေပိုင်းက ငလျင်လှုပ်ခဲ့တာကြောင့် မြို့လယ်မှာရှိတဲ့ မိုးကုတ်ဝိပဿနာကျောင်းတိုက်က သီလရှင်တစ်ပါးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။
ငလျင်လှုပ်ချိန်မှာ မိုးကုတ်ဝိပဿနာကျောင်းတိုက်က အဆောက်အဦ မျက်နှာကြက်ကျောက်ပြားပြိုကျပြီး သေဆုံးခဲ့တာလို့ အမည်မဖော်လိုတဲ့ မအူပင်ဒေသခံတစ်ဦးက ပြောပါတယ်။
"ငလျင်လှုပ်တာကပြင်းတယ်၊ အဆောက်အဦက နည်းနည်းဟောင်းနေတော့ အပေါ်က မျက်နှာကျက်ပြိုကျပြီး သီလရှင်တစ်ပါးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးသွားတယ်၊ လူတွေက ဖြစ်ခါစက ကြောက်ပြီး အကုန်လုံးက လမ်းပေါ်တွေမှာပဲ ထွက်နေကြတယ်၊ အခုတော့ အိမ်ထဲ ပြန်ဝင်ကုန်ပါပြီ"
ညနေ ၄ နာရီခွဲခန့်က ဧရာဝတီတိုင်း ညောင်တုန်းမြို့နဲ့ ၅ မိုင်ခန့်အကွာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး (၄.၈) အဆင့်ရှိတဲ့ ငလျင်လှုပ်ခဲ့တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
မအူပင်မှာတော့ နေ့လယ် နှစ်နာရီလောက်ကတည်းက ငလျင်စလှုပ်ခဲ့ပြီး လေးကြိမ်ထက်မနည်း လှုပ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ လေးနာရီခွဲလောက်မှာ လှုပ်တဲ့ငလျင်ကတော့ အပြင်းထန်ဆုံးလို့ဆိုပါတယ်။
မအူပင်မြို့က ရွှေဘုန်းမြင့်စေတီတော်ရဲ့ ထီးတော်မြေခခဲ့ပြီး၊ ဘုန်းကြီးကျောင်းတိုက်က မုခ်ဦးပြိုကျခဲ့သလို၊ မအူပင်တက္ကသိုလ်ဘွဲ့နှင်းသဘင် ထိခိုက်ပျက်စီးခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ငလျင်ကြောင့်ထိခိုက်မှုတွေကို ပရဟိတအဖွဲ့တွေနဲ့ မြို့နယ် မီးသတ်တပ်ဖွဲ့က ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးနေပါတယ်။