ပြည်သူနဲ့တိုက်တဲ့ပွဲမှာ မြန်မာစစ်တပ် အနိုင်ရမှာမဟုတ်ဘူးလို့ အရှေ့တီမောသမ္မတပြော

မြန်မာအာဏာသိမ်းစစ်ကောင်စီဟာ နိုင်ငံရဲ့ ၃ဝ ရာခိုင်နှုန်းကိုပဲ ထိန်းချုပ်နိုင်ပြီး ပြည်သူနဲ့တိုက်နေတဲ့စစ်ပွဲမှာ အနိုင်ရမှာမဟုတ်ကြောင်း အရှေ့တီမောသမ္မတ ဟိုဆေး ရာမို့စ် ဟိုတာက ပြောလိုက်ပါတယ်။ Al Jazeera သတင်းဌာနနဲ့ မေးမြန်းခန်းမှာ ပြောလိုက်တာပါ။

မြန်မာစစ်တပ်ဟာ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်က ရန်သူနဲ့တိုက်ခိုက်တာ ဖြစ်ပေမဲ့ အခုအချိန်မှာ ပြည်သူတွေနဲ့ တိုက်ပွဲဝင်နေရတာ ဖြစ်တဲ့အကြောင်း၊ မြန်မာစစ်တပ်ကို ရုရှားနဲ့ မြောက်ကိုရီးယားတို့က လက်နက်ထောက်ပံ့တာတွေ မလုပ်ဖို့ မျော်လင်တဲ့အကြောင်း သူက ပြောသွားပါတယ်။

ဒါ့အပြင် အာဆီယံအနေနဲ့ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး ပြေလည်အောင် ဖြေရှင်းပေးဖို့ မကြိုးစားတော့ရင် အာဆီယံ အဖွဲ့ထဲကို ဝင်ဖို့ ပြန်စဉ်းစားရမယ်လို့ အရှေ့တီမောနိုင်ငံ ဝန်ကြီးချုပ် ရှာနာနာ ဂတ်မို က မကြာခင်က ပြောကြားခဲ့ပေမဲ့ အရှေ့တီမောနိုင်ငံဟာ အာဆီယံ အဖွဲ့ထဲ ဝင်ရောက်မဲ့ အစီအစဉ် အပြောင်းအလဲမရှိကြောင်း သမ္မတ ဟိုဆေး ရာမို့စ် ဟိုတာ က ပြောပါတယ်။

အာဆီယံအဖွဲ့ဝင် ဖြစ်ရေးဟာ အရှေ့တီမောနိုင်ငံရဲ့ အမျိုးသား အကျိုးစီးပွားဖြစ်တဲ့အတွက် အဖွဲ့ဝင်ဖြစ်ဖို့ ကြိုးပမ်းမှုတွေ ဆက်လုပ်နေတဲ့အကြောင်း၊ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ရင် အာဆီယံအဖွဲ့ဝင်အဖြစ် ဆက်လက် ဆောင်ရွက်တာက အဖွဲ့ ပြင်ပကနေ ဆောင်ရွက်မှုထက် ပိုပြီး ထိရောက်လိမ့်မယ်လို့ မြင်တဲ့အကြောင်း သူက ပြောပါတယ်။

စစ်ကောင်စီကတော့ အမျိုးသားညီညွတ်ရေး အစိုးရ NUG နဲ့ ထိတွေ့ဆက်ဆံတဲ့အတွက် အရှေ့တီမော နိုင်ငံရဲ့ သံတမန်တွေကို နိုင်ငံတွင်းက မောင်းထုတ်ခဲ့ပါတယ်။