ကရင်ပြည်နယ် မယ့်ထော်သလေးတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ်ဦးကိုဖမ်းမိထား

ကရင်ပြည်နယ် လေးကေ့ကော်မြို့သစ်အနီး မယ့်ထော်သလေးရွာမှာ ဒီဇင်ဘာ ၁၆ ရက် မနေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ်ဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ အရှင်ဖမ်းဆီးမိထားတယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) လက်အောက်ခံ PVTV သတင်းဋ္ဌာနက ဒီနေ့မနက်က ဖော်ပြပါတယ်။

ဖမ်းဆီးမိထားတဲ့သူတွေထဲမှာ စစ်တပ်ဘက်က ခြောက်ဦးနဲ့ စစ်တပ်လက်အောက်ခံနယ်ခြားစောင့်တပ် (BGF) က တပ်ဖွဲ့ဝင် နှစ်ဦးပါဝင်ပါတယ်။ အဲဒီတိုက်ပွဲမှာ စစ်တပ်ဘက်က ၁၈ ဦး ကျဆုံးခဲ့ကြောင်းလည်း ဆိုပါတယ်။ ဒါပေမဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ပူးပေါင်းတပ်တွေဘက်က ထိခိုက်မှု ရှိ၊ မရှိကို ဖော်ပြမထားပါဘူး။

ဒီအချက်အလက်တွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။

စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) နဲ့ NUG လက်အောက်ခံ တောင်ပိုင်းတိုင်း စစ်ဒေသက PDF ပူးပေါင်းတပ်တွေအကြား ဒီဇင်ဘာ ၁၅ ရက် မနက်ပိုင်းကစပြီး တိုက်ပွဲဖြစ်ပွားနေတာပါ။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၄ ရက်မှာ KNU ထိန်းချုပ်ထားတဲ့ လေးကေ့ကော်မြို့ထဲကို စစ်ကောင်စီတပ်တွေ ဝင်ရောက် စီးနင်းခဲ့တာကို အကြောင်းပြုပြီး တိုက်ပွဲတွေဖြစ်ပွားလာတာဖြစ်ပါတယ်။

ဒီဇင်ဘာ ၁၅ ရက်နေ့က လေးကေ့ကော်တိုက်ပွဲမှာတော့ စစ်ကောင်စီဘက်က ဗိုလ်ကြီးတစ်ဦး၊ တပ်ကြပ်ကြီး တစ်ဦး၊ တပ်ကြပ်တစ် ဦး အပါအဝင် စုစုပေါင်း လေးဦး သေဆုံးပြီး ဒုဗိုလ်မှူးကြီး တစ်ဦး၊ ဗိုလ်ကြီး တစ်ဦးနဲ့ တပ်သား နှစ်ဦး၊ စုစုပေါင်း လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ တယ်လို့ KNU က ထုတ်ပြန်ပါတယ်။

ဒါပေမဲ့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဒီဇင်ဘာ ၁၅ ရက် လေးကေ့ကော်တိုက်ပွဲမှာ တပ်ဖွဲ့ဝင် တစ်ဦးသာ ကျဆုံးခဲ့ပြီး တပ်သားတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ RFA ကို မနေ့က ပြောပါတယ်။

ဒီဇင်ဘာ ၁၅ ရက်နဲ့ ၁၆ ရက်တွေမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် လေးကေ့ကော်မြို့သစ် အပါအဝင် အနီး ပတ်ဝန်းကျင်က အရပ်သား ၄၀၀၀ ကျော်ဟာ ဘေးလွတ်ရာကို တိမ်းရှောင်ထွက်ပြေးနေကြတယ်လို့လည်း KNU က ထုတ်ပြန်ထားပါတယ်။