ပဲခူးတိုင်း လက်ပံတန်းမြို့နယ်၊ ဇီးဖြူကုန်းတိုက်နယ်ရဲစခန်းနဲ့ လောင်းကစားဝိုင်းကို လက်ပံတန်း PDF က ဝင်ရောက်တိုက်ခိုက်ပြီးနောက် ဇူလိုင်လ ၃ ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီတပ်က လူရှစ်ဦးကို ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပစ်ခတ်မှုတွေဖြစ်ခဲ့တဲ့ ဇီးဖြူကုန်းရွာနဲ့ ကပ်လျက်မှာရှိတဲ့ အောင်မင်္ဂလာရွာက ကိုစိုးနိုင်ထွန်း၊ မခင်ညိုမြင့်၊ ကိုမြတ်မင်းစိုး၊ မအိအိအောင်၊ မမိုးကြီး၊ မဝတ်ရည်စိုး၊ ဦးမြင့်ကြိုင်နဲ့ သူ့ရဲသားတို့ကို ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
ပစ်ခတ်မှုနဲ့ မသက်ဆိုင်တဲ့ အရပ်သားတွေ ဆက်တိုက်ဖမ်းဆီးခံနေရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"ရဲစခန်းနဲ့ လောင်းကစားဝိုင်းကို တစ်ပြိုင်တည်း သူတို့ ဝင်တိုက်သွားတာ။ ရဲတွေကလည်း စခန်းမှာရှိတာနည်းနည်းပါ၊ အဲဝိုင်းမှာ လူတွေက များနေတာ။ အခုက မဆိုင်တဲ့လူတွေ ဖမ်းထားတယ်၊ ရှစ်ယောက်တဲ့။ အဲဒီလူတွေက ဘာမှမသက်ဆိုင်တဲ့ လူတွေ။ အဲဒါကို ဖမ်းထားကြတာ"
လက်ရှိဖမ်းဆီးထားသူတွေကို ဇီးဖြူကုန်းတိုက်နယ် ရဲစခန်းမှာထားရှိပြီး လက်ပံတန်း မြို့ပေါ်ကို ပို့ဆောင်ဖွယ်ရှိတယ်လို့ သူက ဆိုပါတယ်။
ဒီရှစ်ဦးအပြင် နောက်ထပ်ဖမ်းဆီးမှုတွေလည်း ဆက်ရှိနေတယ်လို့ ဒေသခံတွေပြောကြပြီး ထပ်တိုးလာတဲ့ ဖမ်းဆီးခံရသူ အရေအတွက်ကိုတော့ မသိရသေးပါဘူး။
ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်း ပြောခွင့်ရသူ တိုင်းစီးပွားရေးရာဝန်ကြီး ဦးတင်ဦးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမယ့် ဖုန်းလက်ခံ ဖြေကြားတာ မရှိပါဘူး။
ဇီးဖြူကုန်းတိုက်နယ် ရဲစခန်းနဲ့ ရဲစခန်းအနီး ဘူတာရုံကြားက လောင်းကစားဝိုင်းကို သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ လက်ပံတန်းမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က ဇူလိုင်လ ၁ ရက်နေ့ညမှာ ဝင်ရောက်တိုက်ခိုက်ခဲ့လို့ ရဲနှစ်ဦးနဲ့ ပျူစောထီးနှစ်ဦး သေဆုံးခဲ့ပြီး ငါးဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ လက်ပံတန်း PDF က ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာတော့ လက်ပံတန်းမြို့နယ်၊ ဇီးဖြူကုန်းတိုက်နယ်ထဲက ရွာတွေကို ညနေ ၆ နာရီကနေ မနက် ၆ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားပြီး လုံးခြုံရေး တင်းကျပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောင့်ရေးအသင်း (AAPP) ရဲ့ ဇူလိုင်လ ၅ ရက်နေ့ထိ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီးနောက် ဒီမိုကရေစီရေးလှုပ်ရှားသူနဲ့ ပြည်သူ ၁၉၃၇၇ ဦး ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ ဖြစ်ပါတယ်။