ရွှေကုက္ကိုနဲ့ လေးကေ့ကော်ကို လျှပ်စစ်ဖြတ်တောက်တော့မယ်လို့ ထိုင်းအစိုးရပြောကြား

ထိုင်းနယ်စပ်နဲ့ကပ်လျက် မြန်မာနိုင်ငံ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုမြို့သစ်က လောင်းကစားရုံရှိတဲ့ဒေသနဲ့ မြဝတီမြို့နားက လောင်းကစားရုံတွေရှိတဲ့ အင်ကြင်းမြိုင် KK Park ဒေသတဝိုက်ကို ထိုင်းအစိုးရစွမ်းအင်အာဏာပိုင်အဖွဲ့က လက်ရှိပို့ပေးနေတဲ့ လျှပ်စစ်ဓာတ်အားကို ဇွန်လ ၅ ရက်နေ့ည ၁၂ နာရီမှာ ဖြတ်တောက်တော့မယ်လို့ ထိုင်းနိုင်ငံ မဲဆောက်ခရိုင် အရာရှိတစ်ဦးက RFA ရဲ့ ညီနောင်သတင်းဌာနဖြစ်တဲ့ Benar News ကိုပြောပါတယ်။

အခုလို လျှပ်စစ်ဓာတ်အားဖြတ်တောက်မယ်ဆိုတဲ့သတင်းကို ကြားသိရကြောင်း အဲဒီမှာ အလုပ်လုပ်နေတဲ့သူတွေက RFA ကိုပြောကြားခဲ့ကြသလို စစ်ကောင်စီပိုင် မြဝတီခရိုင်လျှပ်စစ်ရုံးကို RFA က ဆက်သွယ်မေးမြန်းရာမှာလည်း အခုလို မီးဖြတ်မယ်ဆိုတာမှန်ကန်ကြောင်း အတည်ပြုပြောကြားပါတယ်။

ဘန်ကောက်မြို့ရှိ စစ်ကောင်စီသံရုံးက ထိုင်းအစိုးရစွမ်းအင်အာဏာပိုင်အဖွဲ့ကို မကြာခင်က ဆက်သွယ်ပြီး ရွှေမြင့်သောင်းတင် ဆိုတဲ့ကုမ္ပဏီနဲ့ ထိုင်းအစိုးရအကြား ချုပ်ဆိုထားတဲ့ လျှပ်စစ်စွမ်းအင် သဘောတူညီချက် နှစ်ခုကိုဖျက်သိမ်းလိုတယ်လို့ အကြောင်းကြားခဲ့ကြောင်းလည်း သိရပါတယ်။

အခုအစီအစဉ်အရ လာမယ့် ဇွန်လ ၅ ရက်နေ့ညမှာ ရွှေကုက္ကိုမြို့သစ်နဲ့ လေးကေ့ကော်ရွာကို ပေးပို့နေတဲ့ လျှပ်စစ်ဓာတ်အားတွေကို ဖြတ်တောက်မှာဖြစ်တယ်လို့ ထိုင်းအရာရှိတစ်ဦးက ပြောပါတယ်။ ဒါပေမဲ့ အခုဓာတ်အားဖြတ်တောက်မှုမှာ ကာစီနိုလောင်းကစားရုံတွေရှိတဲ့နေရာဒေသတွေပဲ ပါဝင်ပြီး သာမန်လူနေရပ်ကွက်တွေတော့ အကျုံးဝင်ခြင်း မရှိဘူးလို့လည်း သတင်းရင်းမြစ်တစ်ခုက ဆိုပါတယ်။

ရွှေကုက္ကိုဒေသရှိ ကာစီနိုလောင်းကစားရုံတွေမှာခိုလှုံနေတဲ့ တရုတ်လူမျိုး တစ်ဦးကို တရုတ်အစိုးရလက်ထဲ လွှဲပြောင်းပေးဖို့ ဘန်ကောက်မြို့ရှိ တရားရုံးတစ်ရုံးက သဘောတူကြောင်း ပြီးခဲ့တဲ့အပတ်မှာဆုံးဖြတ်ကြေညာခဲ့ပြီးနောက် အဲဒီဒေသကို အခုလို လျှပ်စစ်ဓာတ်အားဖြတ်တောက်မယ့် သတင်းပေါ်ထွက်လာတာဖြစ်ပါတယ်။