လျှပ်စစ်ရထားတွေ ပြေးဆွဲနိုင်တဲ့အထိ ကြိုးပမ်းမယ်လို့ စစ်ခေါင်းဆောင် ပြော
2024.10.07
နိုင်ငံတွင်းမှာ လျှပ်စစ်ရထား (EMU) ပြေးဆွဲနိုင်ရေးဟာ မလွှဲမသွေပြောင်းလဲရမဲ့ လုပ်ငန်းတစ်ခုဖြစ်ပြီး စီမံကိန်းအောင်မြင်ဖို့အတွက် လိုအပ်တဲ့ သုတေသန လုပ်ငန်းလုပ်ဆောင်သွားမယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အောက်တိုဘာလ ၇ ရက်နေ့က ပြောလိုက်ပါတယ်။
ရန်ကုန်မြို့က မြန်မာ့မီးရထားဌာနရဲ့ မြို့ပတ်ဒီဇယ်စက်ခေါင်းရုံ (အင်းစိန်) ကို သွားရောက်စဉ် ပြောဆိုခဲ့တာဖြစ်ပြီး ဒီဇယ်လျှပ်စစ်သုံး (DEMU) ရထားစက်ခေါင်းတွေ၊ ရထားတွဲသစ် တွေကိုလည်း ပြည်တွင်းမှာ ထုတ်လုပ်နိုင်ဖို့ ကြိုးပမ်းမယ်လို့လည်း ဆိုပါတယ်။
အာဏာမသိမ်းခင်က တစ်နိုင်ငံလုံးကို ၄၈ ရာခိုင်နှုန်းအထိ မီးပေးနိုင်ခဲ့တဲ့အတွက် လျှပ်စစ်ရထား ပြေးဆွဲနိုင်ဖို့ ဖြစ်နိုင်ခဲ့ပေမဲ့ လက်ရှိ လျှပ်စစ်ဓာတ်အား ရရှိမှုအခြေအနေရ လျှပ်စစ်ရထားပြေးဆွဲနိုင်ဖို့က မဖြစ်နိုင်ဘူးလို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။
“ဖြစ်နိုင်ခြေကတော့ မရှိပါဘူးဗျာ ဒါပေမဲ့ သူက မိုးတစ်လုံးလေတစ်လုံး လျှောက်ပြောနေတာ။ တိုင်းပြည်ရဲ့ ငါးဆယ် ရာခိုင်နှုန်းလောက်ရနေတဲ့ လျှပ်စစ်ဓာတ်အားတောင် ပြုတ်ကျသွားပြီး ပြည်သူက တစ်နေ့ကို လေးနာရီပဲ သုံးနေရတယ်”
လတ်တလောမှာတော့ စပိန်နိုင်ငံက ရောက်ရှိလာတဲ့ ဒီဇယ်လျှပ်စစ်သုံး (DEMU) ရထားတွဲသစ်တွေနဲ့ ရန်ကုန်-ပဲခူး ခရီးစဉ်ကို စတင်ပြေးဆွဲနေပြီး အဆင့်မြှင့်တင်ဖို့ ကျန်နေတဲ့ ဘူတာတချို့မှာ လူလုပ်လှေကားတွေနဲ့ ရထားတွဲသစ်တွေ အတက်အဆင်းလုပ်နေရတဲ့အပေါ် ဝေဖန်မှုတွေလည်းရှိနေပါတယ်။
မြန်မာနိုင်ငံမှာ ၁၈၇၇ ခုနှစ်ကစတင်ခဲ့တဲ့ မီးရထားသယ်ယူပို့ဆောင်ရေးဟာ နှစ်ပေါင်းတစ်ရာကျော်ခဲ့ပေမဲ့ တခြားနိုင်ငံတွေနဲ့ယှဉ်ရင် သယ်ယူပို့ဆောင်ရေးစနစ်တွေ နောက်ကျနေဆဲဖြစ်လို့ ရထားပို့ဆောင်ရေးစနစ် တစ်ခေတ်ပြန်လည်ဆန်းသစ်နိုင်ဖို့ ကြိုးပမ်းမယ်လို့ စစ်ကောင်စီက ပြောဆိုထားပါတယ်။