ရခိုင်ပြည်နယ်၊ စစ်တွေပင်လယ်ပြင်မှာ စက်လှေနစ်မြုပ်ပြီး ပျောက်ဆုံးနေတဲ့ ရိုဟင်ဂျာ ၄၅ ဦးထဲက ၁၁ ဦးရဲ့ ရုပ်အလောင်းတွေကို သြဂုတ်လ ၉ ရက် ဒီကနေ့ မနက်ပိုင်းနဲ့ မနေ့ညက ထပ်မံတွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ရုပ်အလောင်းတွေကို ဘာဆာရာရွာ ကမ်းခြေ၊ သဲချောင်း၊ ဒါးပိုင်နဲ့ ဗေဒါရွာ ကမ်းခြေတွေမှာ တွေ့ရှိခဲ့ပြီး အခု စစ်တွေဆေးရုံကို ပို့ဆောင်ထားတယ်လို့ ရွှေရောင်မေတ္တာဖောင်ဒေးရှင်းက ကိုဗျာလက ပြောပါတယ်။
“ကျွန်တော်တို့ အခု အလောင်းရထားတာက ၁၃ လောင်းရှိပြီ။ လှေမှောက်တဲ့နေ့က နှစ်လောင်းရယ်။ မနေ့ညနေနဲ့ ဒီကနေ့ မနက် ၁၁ လောင်းတွေ့တာပေါ့။ အခု အလောင်းတွေကို ကျွန်တော်တို့အဖွဲ့က ကားနဲ့ အလောင်းတွေကို စစ်တွေဆေးရုံကို ပို့ဆောင်နေဆဲပါ”
ရိုဟင်ဂျာ ၅၅ ဦးလိုက်ပါလာတဲ့ စက်လှေတစ်စီးဟာ စစ်တွေပင်လယ်ပြင်မှာ မိုးသက်လေပြင်း ကျရောက်ခဲ့တာကြောင့် ဩဂုတ်လ ၇ ရက်က နစ်မြုပ်ခဲ့တာပါ။ အဲဒီနေ့မှာပဲ သေဆုံးနေတဲ့ ရိုဟင်ဂျာ အမျိုးသမီးအလောင်းနှစ်လောင်းကို စစ်တွေကမ်းခြေမှာတွေ့ရှိခဲ့သလို အသက်ရှင်လွတ်မြောက်လာတဲ့ အမျိုးသားရှစ်ဦးကိုလည်း တွေ့ရှိခဲ့ပါတယ်။
ကျန် ရိုဟင်ဂျာ ၃၄ ဦးကတော့ ပျောက်ဆုံးနေဆဲဖြစ်ပြီး ဒေသခံတွေ အပါအဝင် ရဲနဲ့ စစ်တပ်က လိုက်လံရှာဖွေနေတယ်လို့ ဘာဆာရာရွာ အုပ်ချုပ်ရေးမှူး ကိုစိုးမြင့်က ပြောပါတယ်။
“ဒီနေ့ မနက်က တွေ့တဲ့ အလောင်းကိုတော့ စစ်တွေဆေးရုံကိုယူသွားပြီ။ ထပ်ပြီး အလောင်းတွေ တွေ့မလားလို့ ကျွန်တော်တို့ ထပ်ပြီး စုံစမ်းရှာဖွေနေပါတယ်။ နောက်ထပ် ဆုံးနေတဲ့ ပျောက်ဆုံးနေတဲ့တွေလည်း သတင်းအစအန မရတော့ သေဆုံးသွားကြပြီလို့ ပြောလို့ရပါတယ်”
အသက်ရှင်လျက်လွတ်မြောက်လာတဲ့ ရှစ်ဦးကိုတော့ စစ်တွေ မြို့မ ရဲစခန်းကို ရဲနဲ့ စစ်တပ်က ခေါ်ဆောင်သွားတယ်လို့လည်းဆိုပါတယ်။
အဲဒီ ရိုဟင်ဂျာတွေဟာ ရသေ့တောင်မြို့နယ်ဘက်ကနေ မလေးရှားနိုင်ငံကို သွားဖို့ကြိုးစားခဲ့တာပါ။
ရခိုင်ပြည်နယ်မှာ အလုပ်အကိုင်အခွင့်အလမ်း မရှိကြသလို စားဝတ်နေရေးလည်း ခက်နေကြတာကြောင့် အခုလို သက်စွန့်ပြီး မလေးရှားနိုင်ငံကို ထွက်ခွာနေကြတာလို့ ရိုဟင်ဂျာတွေက RFA ကို ပြောပါတယ်။