၂၁ ရာစု ပင်လုံညီလာခံကို တက်ရောက်ဖို့အတွက် မြောက်ပိုင်းမဟာမိတ်အဖွဲ့က ခေါင်းဆောင်တွေ ဒီနေ့ နေပြည်တော်ကို ရောက်ရှိနေကြပါတယ်။
မြောက်ပိုင်းအဖွဲ့ခေါင်းဆောင်အများစုကတော့ တရုတ်နိုင်ငံ ကူမင်းမြို့ကနေတဆင့် လေယာဉ်ပျံနဲ့ ဒီကနေ့ နေ့လည်ပိုင်းက ရောက်လာကြတယ်လို့ UPDJC အတွင်းရေးမှူးအဖွဲ့ဝင် ဦးလှမောင်ရွှေ က ပြောပါတယ်။
‘’လက်မှတ်ထိုးထားတဲ့လက်နက်ကိုင် ၁၀ ဖွဲ့က တက်ရောက်မယ့်ခေါင်းဆောင်တွေ အကုန်လုံးရောက်နေ ပြီ၊ ကူမင်းကလာတဲ့လေယာဉ်ပျံနဲ့က မြောက်ပိုင်းကပေါ့နော်၊ ညီလာခံတက်ရောက်သူများခေါင်းစဉ်နဲ့ တက်ရောက်မယ့်အဖွဲ့တွေလည်း ခုနလေယာဉ်ပျံနဲ့ ၂ နာရီခွဲက ရောက်လာပါပြီ၊ အများစုကတော့ ကူမင်းက လေယာဉ်ပျံနဲ့လာတယ်၊ SSPP အဖွဲ့က ခေါင်းဆောင်တချို့က ကားလမ်းနဲ့လာတယ်၊ တချို့က အဲဒီလေယာဉ်ပျံနဲ့ ပါလာတာတွေ့ရတယ်၊ စုံပြီခင်ဗျ’’
တတိယအကြိမ်မြောက် ၂၁ ရာစုပင်လုံညီလာခံကို မနက်ဖြန် ဇူလိုင်လ ၁၁ ရက်နေ့ မနက် ၁၀ နာရီ မှာ နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) မှာ စတင်ကျင်းပမှာဖြစ်ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအားလုံးကို အစိုးရက တက်ရောက်ကြဖို့ ဖိတ်ကြားထားတဲ့အတွက် အဲဒီအဖွဲ့တွေကို ကိုယ်စားပြုမယ့် ခေါင်းဆောင်တွေအားလုံး တက်ရောက်ကြမှာဖြစ်ပါတယ်။
ညီလာခံကို တက်ရောက်ချိန်အတွင်း မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့နဲ့လည်း တွေ့ဆုံဆွေးနွေးကြဖို့အတွက် အစိုးရဘက်က စီစဉ်နေတယ်လို့ သိရပါတယ်။
ညီလာခံကို ၆ ရက်ကြာကျင်းပမှာဖြစ်ပြီး ဒီတစ်ကြိမ်မှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၇ ဖွဲ့လုံးက ခေါင်းဆောင်တွေ တက်ရောက်ကြမှာဖြစ်ပါတယ်။
