တိုင်းရင်းသားခေါင်းဆောင် အပါအဝင် ၂၄၉ ယောက်ကို စစ်ကောင်စီ ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်

RFA Burmese
2025.01.04
တိုင်းရင်းသားခေါင်းဆောင် အပါအဝင် ၂၄၉ ယောက်ကို စစ်ကောင်စီ ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့် ၂၀၂၁ ခုနှစ် ဧပြီလ ၁ ရက်နေ့က ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ်တွင် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ဆန္ဒပြပွဲအတွင်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေစာအုပ်အား မီးရှို့ဆန္ဒပြနေကြစဉ်။
AFP

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲဖို့ ကျင်းပတဲ့ အမျိုးသားညီလာခံမှာ ပါဝင်ဆွေးနွေးခဲ့တဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ အပါအဝင် လူ ၂၄၉ ယောက်ကို စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ် လူမှုထူးချွန် (ပထမအဆင့်) ချီးမြှင့်လိုက်ကြောင်း စစ်ကောင်စီက ဇန်နဝါရီ ၄ ရက်မှာ ကြေညာလိုက်ပါတယ်။

လက်ရှိ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်နဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ SNLD ဥက္ကဋ္ဌဟောင်း ဦးခွန်ထွန်းဦး၊ မွန်တိုင်းရင်းသားခေါင်းဆောင် နိုင်ချေမွန်၊ နိုင်တလမွန်၊ နိုင်ဧကစတာတွေ အပါအဝင် အမျိုးသားညီလာခံ ကိုယ်စားလှယ်တွေကို ချီးမြှင့်တာပါ။

ဆုချီးမြှင့်ကြောင်း ၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့မှာ ကြေညာတာဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲဖို့ အမျိုးသားညီလာခံမှာ ပါဝင်ဆွေးနွေးခဲ့တဲ့သူတွေကို ချီးမြှင့်တာလို့ စစ်ကောင်စီအမိန့်ကြော်ငြာစာမှာ ဖော်ပြပါတယ်။

ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ်က အမျိုးသားညီလာခံ ကိုယ်စားလှယ်တွေကို ချီးမြှင့်တာဖြစ်ပြီး ရှမ်းပြည်နယ်က ဦးရေအများဆုံးဖြစ်ပါတယ်။

၁၉၉၃ ခုနှစ်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲဖို့ အမျိုးသားညီလာခံ ခေါ်ယူခဲ့ပြီး ၁၄ နှစ်အကြာ ၂၀ဝ၈ ခုနှစ်မှာ ညီလာခံက အပြီးသတ်ခဲ့ပါတယ်။

အဲဒီနောက် နာဂစ်မုန်တိုင်းတိုက်ခတ်ပြီးစ ၂၀၀၈ ခုနှစ် မေ ၁၀ ရက်နဲ့ ၂၄ ရက်နေ့တွေမှာ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုခဲ့တာပါ။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) နဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) တို့က ၁၉၉၃ ကျိုက္ကဆံကွင်းမှာလုပ်တဲ့ အမျိုးသားညီလာခံမှာ ပါဝင်ခဲ့ကြပေမဲ့ နောက်ပိုင်းမှာ သပိတ်မှောက်ခဲ့ကြပါတယ်။

၂၀၀၅ ခုနှစ်မှာ သျှမ်းပြည်အတိုင်ပင်ခံကောင်စီ ဖွဲ့စည်းတာနဲ့ ဆက်စပ်ပြီး စစ်အစိုးရက SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးကို ထောင်ဒဏ် ၉၃ နှစ်၊ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်ကို ၈၅ နှစ် ချမှတ်ခဲ့ပါတယ်။

၂၀၂၄ စက်တင်ဘာမှာ ကျင်းပတဲ့ ငွေဆောင်ဆွေးနွေးပွဲနဲ့ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမှာ အောက်တိုဘာက ကျင်းပတဲ့ မြန်မာ့အရေးဆွေးနွေးပွဲကို ဦးစိုင်းညွန့်လွင်တက်ရောက်ခဲ့ပါတယ်။

စစ်ကောင်စီဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မညီဘဲ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အာဏာသိမ်းခဲ့ပေမဲ့ ခုထိ ၂၀၀၈ အခြေခံဥပဒေကို ကိုင်စွဲထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။