မြန်မာနိုင်ငံကို နှစ်ရက်ကြာရောက်ရှိခဲ့တဲ့ EU ကုန်သွယ်ရေးကော်မရှင်နာမင်းကြီး မစ္စတာ ကာရယ်ဒီဂုချ် Karel De Gucht ဟာ အမျိုးသား စီမံကိန်းနဲ့ စီးပွားဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာကံဇော်နဲ့ မနေ့က နေပြည်တော် မှာ တွေ့ဆုံခဲ့ပြီး၊ EU နဲ့ မြန်မာကြား ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေးစာချုပ် ချုပ်ဆိုနိုင်အောင် ဆွေးနွေးညှိနှိုင်းဖို့ သဘောတူ ခဲ့ကြကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
အီးယူ မြန်မာရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေး သဘောတူညီချက်ဟာ နှစ်နိုင်ငံရင်းနှီးမြှုပ်နှံသူတွေ အပြင် နိုင်ငံတကာကလာရောက် ရင်းနှီးမြှုပ်နှံသူတွေ အတွက်ပါ အကာအကွယ်ပေးမှာဖြစ်တဲ့ အတွက် မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံှံမှုတွေ တိုးပွားလာစေမှာဖြစ်တယ်လို့ ပူးတွဲကြေညာချက် မှာဖေါ်ပြပါတယ်။
EU နဲ့ မြန်မာကြား၏ အပြန်အလှန် ကုန်သွယ်မှုတန်ဖိုးဟာ ၂ဝ၁၂ ခုနှစ်က ယူရိုငွေ ၄ဝ၂ သန်းရှိခဲ့ပြီး၊ ၂ဝ၁၃ ခုနှစ်မှာ ယူရို ၅၆၉ သန်း အထိ တိုးမြင့်လာတယ်လို့ လည်းဖော်ပြပါတယ်။ မြန်မာ့ပို့ကုန်တွေ အီးယူကိုတင်ပို့မှု ပမာဏဟာလည်း ၂ဝ၁၂ ခုနှစ်ထက် ၃၅ ရာခိုင်နှုန်း တိုးတက်လာတယ်လို့ ဆိုပါတယ်။
အီးယူအနေနဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရေး စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်လာခဲ့ ပြီးနောက်ပိုင်း မြန်မာနိုင်ငံရဲ့ အလတ်စားနဲ့ အသေးစားလုပ်ငန်းတွေ ဖွံ့ဖြိုးလာရေး အားပေးကူညီတာ၊ ကုန်သွယ်ရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအဆောက်အအုံတွေ စီစဉ်ဆောင်ရွက်ပေးတာတွေ အပြင် မြန်မာနိုင်ငံမှာ EU ဥရောပသမဂ္ဂရဲ့ ကုန်သွယ်ရေးရုံး ထားရှိနိုင်ဖို့လည်း ကြိုးပမ်းနေကြောင်း ဖေါ်ပြ ထားပါတယ်။
EU ကုန်သွယ်ရေး ကော်မရှင်နာမင်းကြီး မစ္စတာကာရယ် ဒီ ဂုချ် ဟာ သမ္မတဦးသိန်းစိန် နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။