အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ဆက်ဆံရေးရှိနေပြီလို့ EU ပြော

အမျိုးသား ညီညွတ်ရေး အစိုးရ NUG ကို ဖွဲ့စည်းနိုင်ခဲ့တာဟာ အရေးကြီးတဲ့ တိုးတက်မှုတစ်ခု ဖြစ်ပြီး ဥရောပသမဂ္ဂ (EU) အနေနဲ့ NUG အစိုးရနဲ့ ထိတွေ့ဆက်ဆံမှုတွေ လုပ်နေတာ ရှိနှင့်ပြီး ဖြစ်တယ်လို့ ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာ မူဝါဒဆိုင်ရာဌာနရဲ့ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက RFA ကို ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၆ ရက်နေ့က ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ပြည်ထောင်စု ညွှန့်ပေါင်းအစိုးရ NUG ဖွဲ့လိုက်တာနဲ့ ပတ်သက်ပြီး ဥရောပသမဂ္ဂအနေနဲ့ NUG အစိုးရကို မြန်မာနိုင်ငံရဲ့ တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုဖို့ အစီအစဉ်ရှိမရှိ ဥရောပသမဂ္ဂရဲ့ သဘောထားကို RFA က မေးမြန်းရာမှာ ဥရောပသမဂ္ဂရဲ့လုံခြုံရေးနဲ့ နိုင်ငံခြားရေးရာမူဝါဒဌာနက ပြောခွင့်ရပုဂ္ဂိုလ် မစ္စ နာဘီလာ မက်စ်ရာလီက အခုလို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

RFA မြန်မာပိုင်းအတွက် သီးသန့် ဖြေကြားချက်မှာ ပြီးခဲ့တဲ့ အပတ်က ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ CRPH ကနေ ဖွဲ့စည်းလိုက်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ထဲမှာ ထိန်းသိမ်းခံထားရတဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်အပြင် တိုင်းရင်းသားပါတီတွေက ကိုယ်စားလှယ်တွေပါဝင်တာ တွေ့ရကြောင်း၊ NUG အစိုးရရဲ့ အဖွဲ့ဝင် ၂၆ ဦးထဲမှာ တိုင်းရင်းသားပါတီတွေကို ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၁၃ ဦးနဲ့ အမျိုးသမီး ၈ ဦးတို့ ပါဝင်တာကို တွေ့ရကြောင်းနဲ့ အခုလို NUG အစိုးရအဖွဲ့ကို ဖွဲ့စည်းလိုက်နိုင်တာဟာ မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပွားနေတဲ့ အကျပ်အတည်းကို ဖြေရှင်းရာမှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်မယ့် အဖွဲ့အစည်းတစ်ခု ပေါ်ပေါက်လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဥရောပသမဂ္ဂအနေနဲ့လည်း NUG အစိုးရနဲ့ ထိတွေ့ ဆက်ဆံမှုတွေ လုပ်နေတာ ရှိနှင့်ပြီးဖြစ်တယ်လို့လည်း မစ္စ မက်စ်ရာလီက ပြောပါတယ်။