စစ်ကောင်စီကို ဒဏ်ခတ်အရေးယူမှုတွေ ထပ်တိုးဖို့ အီးယူပါလီမန် ဆုံးဖြတ်

အာဏာသိမ် စစ်ကောင်စီအပေါ် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေ ထပ်တိုးချဖို့ တောင်းဆိုချက်ပါဝင်တဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်တစ်ရပ်ကို မတ်လ ၁ဝ ရက်နေ့မှာ ဥရောပ ပါလီမန်အမတ်တွေ မဲခွဲဆုံးဖြတ် အတည်ပြုလိုက်ပါတယ်။

စစ်ကောင်စီတစ်ဖွဲ့လုံးကို ဒဏ်ခတ်ပိတ်ဆို့ဖို့နဲ့ ဗဟိုဘဏ်ကို အဓိကပစ်မှတ်ထား လုပ်ဆောင်ကြဖို့ ပါလီမန် အမတ်တွေက တိုက်တွန်း ပြောဆိုခဲ့ကြတာပါ။

ဥရောပပါလီမန်ရဲ့ ဒုတိယဥက္ကဋ္ဌ မစ္စ Heidi HAUTALA က အခုလို ဆွေးနွေးခဲ့ပါတယ်။

"လေးကြိမ်တိုင်တိုင် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချခဲ့ပြီးဆိုတာကို အသိအမှတ် ပြုပါတယ်။ ဒါပေမယ့် မြန်မာ့တပ်မတော်အပေါ် ဒဏ်ခတ်ပိတ်ဆို့ဖို့ ဒီထက်မက လုပ်ဖို့ တောင်းဆိုပါတယ်။ ကျမတို့လုပ်နိုင်တာတွေ ရှိပါသေးတယ်၊ စစ်ကောင်စီကို ဒဏ်ခတ် ပိတ်ဆို့တဲ့ထဲမှာ ထည့်နိုင်ပါတယ်။ လူတစ်ဦးတစ်ယောက်အနေနဲ့ မဟုတ်ဘဲ စစ်ကောင်စီ တစ်ဖွဲ့လုံးကို ဆန်ရှင်ထဲ ထည့်လို့ရပါတယ်"

မြန်မာနိုင်ငံတွင်းမှာ စီးပွားရေးဆက်လုပ်နေတဲ့ ဥရောပ ရေနံနဲ့သဘာဝဓာတ်ငွေ့ လုပ်ငန်းတွေ ပြန်ထွက်ခွာကြဖို့လည်း သူကတောင်းဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က နောက်ဆုံးထုတ်ပြန်တဲ့ ဥရောပသမဂ္ဂရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းထဲမှာ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ထည့်သွင်းထားတာဖြစ်ပါတယ်။

ဒီလိုထည့်သွင်းတာကြောင့် မြန်မာနိုင်ငံတွင်းမှာ စီးပွားရေးဆက်လုပ်နေတဲ့ ဥရောပ ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းတွေ အနေနဲ့လည်း လုပ်ငန်းရုပ်သိမ်းကြဖို့ မစ္စ HAUTALA က တောင်းဆိုပါတယ်။

မနေ့က ဥရောပပါလီမန်ရဲ့ ဆွေးနွေးပွဲမှာ ကမ္ဘာတဝန်းက ရှရှားနဲ့ ယူကရိန်းနိုင်ငံအရေးကို အထူးအလေးပေးနေပြီး မြန်မာနိုင်ငံမှာ ဒီမိုကရေစီပျက်သုဉ်းနေတဲ့ အရေးကိုလည်း မေ့ထားလို့ မရဘူးလို့ ဥရောပပါလီမန်အမတ်တွေက ထောက်ပြပြောဆိုခဲ့ကြပါတယ်။

"မြန်မာပြည်မှာ ဖြစ်နေတာတွေလည်း ယူကရိန်းမှာ ဖြစ်နေသလိုပါပဲ၊ အရပ်သား ပြည်သူတွေအပေါ် တိုက်ခိုက်တာခံနေရတာပါ။ အထူးသဖြင့် အမျိုးသမီးတွေ ကလေးတွေ၊ ခရစ်ယာန်တွေအပါအဝင် တခြားလူနည်းစုတွေဟာ ဖမ်းဆီးနှိပ်စက် ခံနေရတာဖြစ်ပါတယ်။ ဒုက္ခသည် တော်တော်များများဟာ စားစရာသောက်စရာမရ၊ ကျန်းမာရေး စောင့်ရှောက်မှုတွေမရဘဲ ဘေးဒုက္ခအတိရောက်နေကြပါတယ်၊ ကျမတို့ ပစ်ထားလို့မရပါဘူး၊ အာရှဘက်ကိုလည်း ကျမတို့ ပစ်ထားလို့ မရပါဘူး"

မနေ့က ချမှတ်လိုက်တဲ့ ဥရောပ ပါလီမန်ရဲ့ မြန်မာအရေးဆုံးဖြတ်ချက်ထဲမှာ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို လိုက်နာဖို့၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးခံ နိုင်ငံရေးသမားတွေ အားလုံးကို ပြန်လွှတ်ပေးဖို့၊ အရပ်သားအစိုးရ ပြန်လည် ဖြစ်ပေါ် လာစေဖို့ စတဲ့အချက်တွေကိုလည်း ထပ်မံတောင်းဆိုထားပါတယ်။

ဒါ့အပြင် ရိုဟင်ဂျာနဲ့ခရစ်ယာန်တွေအပါအဝင် လူမျိုးနဲ့ဘာသာရေးအုပ်စုတွေအပေါ် စစ်ကောင်စီက ကျူးလွန်တဲ့ရာဇဝတ်မှုတွေကိုလည်း အထောက်အထားနဲ့ ဖော်ပြထားပါတယ်။

ထူးခြားချက်ကတော့ အမျိုးသားညီညွတ်ရေးအစိုးရ NUG CRPH နဲ့ NUCC တို့ကို မြန်မာပြည်သူတွေကို ကိုယ်စားပြုတဲ့ တရားဝင်ကိုယ်စားလှယ်တွေအဖြစ် အသိအမှတ်ပြုဖို့ ထောက်ခံထားတာဖြစ်ပါတယ်။

NUGရဲ့ ချက်သမ္မတနိုင်ငံဆိုင်ရာကိုယ်စားလှယ် ဦးလင်းသန့်က "ဥရောပပါလီမန်က ဆုံးဖြတ်ချက်ချတယ်၊ ဥရောပသမဂ္ဂကို ဖိအားပေးတဲ့သဘော၊ ဥရောပသမဂ္ဂက လက်ခံပြီဆိုရင် ဒီထဲမှာပါတဲ့နိုင်ငံတွေ အားလုံးက လေးစားလိုက်နာကြရမယ်။ မဖြစ်မနေလုပ်ရမယ့်သဘော၊ ဥရောပ သမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက ဒီဆုံးဖြတ်ချက်ကို လိုက်နာမှာ ကျနော်တို့ တရားဝင်အသိအမှတ်ပြုရမယ်၊ အခုကတော့ ပါလီမန်ကနေ အသိအမှတ်ပြုတာပေါ့၊ နောက်တဆင့်ကျန်သေးတယ်" လို့ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို တရားဝင်အစိုးရအဖြစ် ဥရောပသမဂ္ဂဆီက အသိအမှတ်ပြုမှုရဖို့အရေး ဆက်လက်ကြိုးပမ်းလျှက် ရှိတယ်လို့လည်း ဆိုပါတယ်။