ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် ဌာနဆိုင်ရာ ရက်ရှည်ရုံးပိတ်ရက်တွေကို နောက်ထပ် တစ်ပတ်ထပ်တိုးပြီးကြေညာမယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သြဂုတ်လ ၁ ရက် ဒီနေ့ အာဏာရယူထားမှု ၆ လပြည့် မိန့်ခွန်းမှာ ထည့်သွင်းပြောခဲ့ပါတယ်။
ရက်ရှည်ရုံးပိတ်ရက်တွေကို ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်ပျံ့နှံ့မှုနှုန်းတွေ မြင့်တက်နေတဲ့ ဇူလိုင်လ ၁၇ ရက်နေ့ ကနေ ဇူလိုင် ၂၅ ရက်နေ့အထိ ပထမအကြိမ် ပိတ်ထားခဲ့ပြီး နောက်ထပ်တစ်ပတ် သက်တမ်းတိုးတဲ့ အနေနဲ့ ဇူလိုင် ၂၆ ရက်နေ့ကနေ သြဂုတ်လ ၁ ရက်နေ့ထိ ကြေညာခဲ့ပါတယ်။
အခုလည်း ရောဂါကူးစက်မှု နှုန်းလျော့လာတာကြောင့် ရက်ရှည်ရုံးပိတ်ရက်ကို နောက်ထပ် တစ်ပတ် ထပ်တိုးတဲ့ အနေနဲ့ သြဂုတ် ၇ ရက်နေ့အထိ ရုံးပိတ်ရက်ရှည် ထပ်တိုးကြေညာလိုက်တာ ဖြစ်ပါတယ်။
စစ်ကောင်စီအနေနဲ့ ကိုဗစ်တတိယလှိုင်းအတွက် လုံလောက်တဲ့ စီမံခန့်ခွဲမှုတွေ မလုပ်ပေးနိုင်ခဲ့တာတွေကြောင့် ကိုဗစ်-၁၉ နေ့စဉ်ကူးစက်မှုနှုန်းတွေ ထောင်ချီနေသလို သေဆုံးမှုတွေကလည်း နေ့စဉ် ရာချီ သေဆုံးခဲ့ ရပါတယ်။
စစ်ကောင်စီထိန်းချုပ်တဲ့ ကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင်လ ၃၁ ရက် မနေ့ည ၈ နာရီအထိ ထုတ်ပြန်ချက် အရ မြန်မာနိုင်ငံမှာ မနေ့က ဇူလိုင် ၃၁ တစ်ရက်တည်းမှာတင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံး သူ ၃၉၂ ဦးရှိခဲ့ပြီး သေဆုံးသူစုစုပေါင်းက ၉၃၃၄ ဦးအထိရှိပါတယ်။
ပရဟိတအဖွဲ့တွေကတော့ စစ်ကောင်စီက ထုတ်ပြန်တဲ့ သေဆုံးမှု အရေအတွက်ထက် မြေပြင်မှာ တကယ် သေဆုံးတဲ့ နှုန်းကပိုများတယ်လို့ ပြောဆိုနေကြပါတယ်။