ပဲခူးတိုင်းဒေသကြီး တောင်ငူလေတပ်စခန်းဌာနချုပ်က လေ့ကျင့်ပျံသန်းနေတဲ့ F-7 လေယာဉ်တစ်စီးဟာ ဒီနေ့ မနက်ပိုင်းက တောင်ငူမြို့အနီးမှာ ပျက်ကျခဲ့ပြီး လေယာဉ်မှူး ဗိုလ်မှူး အာကာဝင်း သေဆုံးသွားတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။
အဲဒီလေယာဉ်ပျက်ကျတဲ့နေရာကို သွားကြည့်တဲ့အခါ လေယာဉ်က ခေါင်းတခြား အမြီးတခြားဖြစ်နေတာ တွေ့ခဲ့ရတယ်လို့ ကျွန်းကုန်းကျေးရွာဒေသခံ ကိုနေလင်း က ပြောပါတယ်။
"ကျတဲ့အချိန်က ကျနော်တို့က အိမ်ထဲမှာဆိုတော့ ဝုန်းဆိုတဲ့အသံပဲ ကြားလိုက်တာပေါ့။ နောက်ပြီးတော့ ကျနော်တို့လည်း အဲဒီပျက်ကျတဲ့နေရာကို သွားလိုက်တာပေါ့။ တစ်မိုင်နီးပါးလောက်တော့ ဝေးတာပေါ့။ ပျက်ကျတဲ့ နေရာကျတော့ လေယာဉ်နောက်ပိုင်းက တစ်နေရာ၊ အလယ်ပိုင်းက အဲလိုမျိုးပေါ့။ ကျနော်တို့ဆီက လူတွေ အဲဒီမှာ လေယာဉ်ပိုင်းလော့ကို ထုတ်ပေးကြတာပေါ့"
အဲဒီလေယာဉ်မှူးဟာ အရေးပေါ်လေထီးနဲ့ ခုန်ထွက်ခဲ့ပေမယ့် ရရှိတဲ့ဒဏ်ရာတွေကြောင့် တောင်ငူတပ်မတော်ဆေးရုံ ကို ပို့ဆောင်ကုသမှုခံယူနေစဉ်မှာ သေဆုံးခဲ့တာဖြစ်ပါတယ်။
အဲဒီလေယာဉ်ဟာ လေယာဉ်ကွင်းရဲ့ အနောက်ဘက် သုံးမိုင်အကွာ၊ အမြင့်မီတာ ၅၀၀ လောက်မှာ စက်ချို့ယွင်းပြီး ပျက်ကျသွားခဲ့တာလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
တောင်ငူမြို့ ကျွန်းကုန်းရွာနဲ့ မြောက်ရေကြည်ရွာကြားမှာ ပျက်ကျခဲ့တဲ့လေယာဉ်ကို တောင်ငူလေတပ်စခန်းဌာနချုပ် က ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်တွေက တွေ့ခဲ့တာလို့ သိရပါတယ်။
