အော်ဒါ အရနည်းပါးလို့ စက်ရုံ လုပ်သား ၇၀ အလုပ်ထုတ်ခံရမည်


2016.02.16
workers-620.JPG ရန်ကုန်တိုင်းဒေသကြီး စက်မှုဇုန်တစ်ခုက အလုပ်သမားတချို့ကို တွေ့ရစဉ်
Photo: RFA

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် စက်မှုဇုန်မှာရှိတဲ့ Myanmar Handsome အထည်ချုပ်စက်ရုံမှာ လုပ်သားအင်အားနဲ့ အထည်မှာယူမှု မညီမျှတာ ကြောင့် အလုပ်သမား ၇၀ ကို အလုပ်ကနေထုတ်ပယ်မှာဖြစ်ကြောင်း ကြေညာထား တယ်လို့ သိရပါတယ်။

လာမယ့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ အလုပ်သမား ၇၀ ကို အလုပ်က ထုတ်ပယ်မှာဖြစ်တယ်လို့ ကြေညာချက်မှာ ပါရှိကြောင်း Myanmar Handsome အထည်ချုပ်စက်ရုံ အလုပ်သမားသမဂ္ဂ အတွင်းရေးမှူး ကိုကြည်လင်းခိုင်က ပြောပါတယ်။

"သူတို့အကြောင်းပြတာကတော့ လုပ်သားအင်အားနဲ့ အော်ဒါနဲ့ မမျှလို့ဆိုပြီးတော့ အလုပ်ထုတ်တာပဲ၊ ကြေညာစာ ကပ်လိုက်တာကတော့ ၇ဝ ပါ၊ ဇန်နဝါရီလ ၂၂ ရက်မှာ ကြေညာစာ ကပ်ပြီးတော့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ အလုပ်ကထုတ်ပယ်တယ်လို့ စာကပ်တာ၊ တစ်ကယ်ကတော့ အပြင်မှာ သူက နောက်ထပ် စက်ရုံတစ်ရုံထပ် ဆောက်ထားတာ၊ အဲ့ဘက်စက်ရုံကိုအော်ဒါပေးပြီး၊ ဒီဘက်ကိုကျတော့ နည်းနည်းပဲ ပေးတာ"

အဲဒီစက်ရုံမှာ အလုပ်သမား ၄၀၀ ကျော်ရှိပြီး အလုပ်ထုတ်ပယ်ခံရမယ့်အထဲက ၄၆ ယောက်ဟာ လျော်ကြေးငွေယူပြီး အလုပ်ကနေထွက်သွားဖို့ သဘောတူ ထားတယ်လို့ သိရပါတယ်။ ကျန်တဲ့ ၂၄ ယောက်က အလုပ်ဆက်လက် လုပ်ကိုင်လိုကြသူ တွေဖြစ်ပါတယ်။ အလုပ်ထုတ်ခံရမယ့် အလုပ်သမားတွေဟာ လုပ်သက် ၁ နှစ်ကနေ ၃ နှစ်အထိ ရှိသူတွေဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက အလုပ်ရှင်/ အလုပ်သမား စာချုပ်မှာ လက်မှတ်မထိုးတာကြောင့် အလုပ်သမားသမဂ္ဂအဖွဲ့ဝင် ၉ ဦးကိုလည်း အလုပ်ကနေ ထုတ်ပယ်ထားတယ်လို့ သိရပါတယ်။

အလုပ်သမားတွေက မြို့နယ်အလုပ်သမား ညှိနှိုင်းဖြန်ဖြေရေးရုံးထံ တိုင်ကြားထားတယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။