ရန်ကုန်မြို့ ရွှေပြည်သာ စက်မှုဇုန် (၂) မှာရှိတဲ့ မြန်မာနိုင်ငံသားပိုင် ရွှေမြေစက္ကူစက်ရုံ ဘွိုင်လာဌာနက အလုပ်သမား ခုနစ်ဦး အချိန်ပိုကြေးတောင်းတဲ့ကိစ္စနဲ့ ပတ်သက်လို့ အလုပ်ထုတ်ခံခဲ့ရပြီး ဇူလိုင်လ ၆ ရက် ဒီနေ့မှာတော့ မြို့နယ်အလုပ်သမားဦးစီးဌာနမှာ ပြန်လည်ဆွေးနွေးနေတယ်လို့ အလုပ်သမားအရေး ကူညီနေသူတွေက ပြောပါတယ်။
အဲဒီအလုပ်သမား ခုနစ်ဦးဟာ ဇူလိုင်လ ၁ ရက်နေ့က အလုပ်ထုတ်ခံခဲ့ရတာဖြစ်ပြီး အခုလုပ်ရပ်ဟာ အလုပ်သမားတွေရဲ့ ရပိုင်ခွင့်အခွင့်အရေးတွေကို ထိခိုက်တာကြောင့် အလုပ်သမားအရေး ကူညီဆောင်ရွက်နေသူတွေထံ တိုင်ကြားခဲ့တာလို့ ဆိုပါတယ်။
တစ်ပတ်တစ်ရက် ပိတ်ရက်မရတာ၊ အလုပ်ချိန် ရှစ်နာရီကျော်တဲ့အထိ အလုပ်လုပ်ရတာ၊ အချိန်ပိုလုပ်အားခမရတာ၊ အလုပ်ကို တစ်ဆက်တည်း ငါးနာရီကျော် လုပ်ရတာတွေ အပါအဝင် တစ်ပတ်မှာ ၄၄ နာရီထက်ကျော်ပြီး အလုပ်လုပ်ရတာ စတဲ့အချက်တွေကို တိုင်ကြားခဲ့တာပါ။
အလုပ်ရှင်နဲ့ အလုပ်သမားကြား မပြေလည်မှုတွေ ဖြေရှင်းဖို့အတွက် ရွှေပြည်သာမြို့နယ် အလုပ်သမားဦးစီးရုံးမှာ ဒီနေ့မနက်ပိုင်းက ဆွေးနွေးမှုတွေ စတင်လုပ်ဆောင်ခဲ့တယ်လို့ အလုပ်သမားအရေး ကူညီနေသူတစ်ဦးက ပြောပါတယ်။
"ဒီနေ့က အလုပ်သမားဦးစီးဌာနမှာ ပထမဆုံးဆွေးနွေးကြတာပါ။ ဒီနေ့မှာတင် တော်တော်လေး ပြေလည်သွားကြတာပေါ့။ ပြီးတော့ မပြီးသေးဘူး။ အခုလက်ရှိတော့ OT ဆင်းခိုင်းတာတွေကို Back Date နဲ့ ပြန်တွက်ပြီးပေးရမယ်။ နောက်ပြီး အလုပ်ချိန် ရှစ်နာရီပဲ ခိုင်းရမယ်။ တစ်ပတ်တစ်ရက် ပိတ်ပေးရမယ်။ ကျန်တဲ့ဥပဒေပိုင်းနဲ့ ဆက်ပြီး ဆောက်ရွက်တာက Notice ပေးရင်ပေးမယ်။ တရားစွဲဆိုရင်လည်း အထက်ကို စာတင်ပြီး တရားစွဲဖို့တော့ ဦးစီးကပြောတယ်။ ကျနော်တို့ဘက်ကတော့ ဥပဒေ ပုဒ်မတွေနဲ့ တိုင်ကြားခဲ့ပါတယ်"
ဘွိုင်လာဌာန အလုပ်သမားတွေက မေလ ၂၉ ရက်နေ့ကစလို့ ဇွန်လ ၂၆ ရက်နေ့အထိ နေ့ရောညပါ အလုပ်လုပ်ရပြီး မီးပြတ်နေတဲ့အချိန်တွေမှာပဲ အနားယူလို့ရခဲ့တယ်လို့ ဆိုပါတယ်။ နောက်ပိုင်းမှာတော့ မီးပြတ်တဲ့အချိန်မှာတောင် အလုပ်ရှင်ဘက်က အလုပ်ခိုင်းစေခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
လက်ရှိမှာတော့ အရင်က အလုပ်ဆင်းထားရတဲ့ အချိန်ပိုကြေး လုပ်အားခတွေအတွက် ပြန်လည်တွက်ချက်ပေးဖို့ တောင်းဆိုထားတယ်လို့ အလုပ်ထုတ်ခံခဲ့ရတဲ့ အလုပ်သမား တစ်ဦးက ပြောပါတယ်။
"ဦးစီးကတော့ ပြောတာပဲ။ ကျနော်တို့ကိုခိုင်းခဲ့တဲ့ OT ကြေးတွေကို လာမယ့် တနင်္လာနေ့မှာ ပြန်ပေးဖို့ သူတို့ကို ပြောလိုက်တယ်။ အလုပ်ရှင်တွေဘက်ကလည်း တနင်္လာနေ့မှာ ပြန်တွက်ချက်ပြီး ပေးမယ်လို့ပြောတယ်။ အခုတော့ ကျနော်တို့ဆီတော့ ရမလာသေးဘူးပေါ့နော်။ တနင်္လာနေ့မှ ဘာလဲဆိုတာ သဲသဲကွဲကွဲသိရမယ်"
အခုဆွေးနွေးမှုတွေနဲ့ ပတ်သက်လို့ အလုပ်သမားဦးစီးဌာနဘက်က ညွှန်ကြားတာတွေကို လက်ခံသွားမယ်လို့ ရွှေမြေစက္ကူစက်ရုံ မန်နေဂျာက ပြောပါတယ်။
"ကျနော်တို့ ဒီနေ့ညနေ သုံးနာရီ ဦးစီးနဲ့တွေ့ဖို့ ချိန်းထားတယ်။ ဦးစီးဆီရောက်မှပဲ ညှိနှိုင်းပြီးတော့ သွားရမှာပေါ့။ ဦးစီးဘက်က ညွှန်ကြားတာတွေကိုတော့ လိုက်နာ သွားပါမယ်"
အလုပ်ထုတ်ခံရတဲ့ အလုပ်သမားခုနစ်ဦးဟာ အဲဒီစက္ကူစက်ရုံမှာ တစ်နေ့ လုပ်အားခ ကျပ် ၈၀၀၀ နဲ့ အလုပ်လုပ်နေကြတာ ဖြစ်ပါတယ်။ အလုပ်ပိတ်ရက်တွေမရှိဘဲ ရုံးပိတ်ရက် တွေမှာ အလုပ်ဆင်းရတဲ့ အချိန်မှာလည်း လုပ်အားခ ကျပ် ၈၀၀၀ သာရတယ်လို့ ဆိုပါတယ်။
ရွှေမြေစက္ကူစက်ရုံမှာ သန့်ရှင်းရေးလုပ်သားတွေအပါအဝင် အလုပ်သမား ၄၀ ဦးနဲ့ လုပ်ငန်းတွေ လည်ပတ်နေတယ်လို့ စက်ရုံအလုပ်သမားတွေက ပြောပါတယ်။