ဖလမ်းမြို့ ရဲကင်းစခန်း တိုက်ခိုက်ခံရပြီးနောက် ဒေသခံ ၃၀ ခန့် ဖမ်းဆီးစစ်ဆေးခံရ

RFA Burmese
2023.01.19
ဖလမ်းမြို့ ရဲကင်းစခန်း တိုက်ခိုက်ခံရပြီးနောက် ဒေသခံ ၃၀ ခန့် ဖမ်းဆီးစစ်ဆေးခံရ စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်များကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ချင်းပြည်နယ်၊ ဖလမ်းမြို့မှာ တွေ့ရစဉ်။
Citizen Journalist

ချင်းပြည်နယ်၊ ဖလမ်းမြို့၊ ဖါရ်ထောက်ရပ်ကွက်မှာ ဇန်နဝါရီ ၁၈ ရက်၊ ညနေ ၃ နာရီခွဲ လောက်က အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းအနီးမှာ ကင်းစောင့်နေတဲ့ စစ်ကောင်စီရဲ့ ရဲကင်းကို ချင်းအမျိုးသားတပ်ဦး (CNF) က တိုက်ခိုက်ခဲ့ပြီးနောက် အနီးအနားမှာနေထိုင်တဲ့ ဒေသခံ ၃၀ ကို ဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရဲစခန်းမှာ ကနဦး ဖမ်းဆီးစစ်ဆေးခံရတဲ့ ဒေသခံ ၃၀ ခန့်ထဲက ကလေးတွေနဲ့ ကလေး မိခင်တွေ အပါအဝင် အချို့ပြန်လွတ်လာပေမယ့် အများစုက ဖမ်းဆီးခံထားရဆဲဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"အဖမ်းခံတဲ့ထဲက ကလေးမိခင်နဲ့ ကလေးတွေကိုတော့ ပြန်လွှတ်လိုက်တယ်။ တချိူ့ကို လည်း စစ်ဆေးပြီးတော့ ပြန်လွှတ်တာရှိတယ်။ ဘယ်လောက်ပြန်လွတ်ပြီလဲတော့ သေချာမသိဘူး။ မနေ့ညဖြစ်စဉ်မှာ သူတို့ကို မျက်မြင်သက်သေအဖြစ် စစ်ဆေးရေး လုပ်ဖို့ ဖမ်းတာလို့ ပြောတယ်"

မနေ့က တိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ရဲတပ်သားတစ်ဦး သေဆုံးခဲ့ပြီး ဆယ်တန်း ကျောင်းသား တစ်ဦးလည်း ပေါင်မှာ သေနတ်ကျည်ထိမှန် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီဘက်က နောက်ထပ် ရဲလေးဦး ဒဏ်ရာ ရသွားတယ်လို့ဆိုပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ပတ်သက်လို့ ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိ ဆလိုင်းထက်နီက အခုလိုပြောပါတယ်။

"ဒါက မြေပြင်ဆက်သွယ်ရေးအခက်အခဲကြောင့် ဖြစ်နိုင်ပါတယ်။ CNF က စစ်ဆင်ရေး ဖော်ဆောင်ရင် နီးစပ်ရာ ဒေသကာကွယ်ရေးတပ်ဖွဲ့နဲ့ အတတ်နိုင်ဆုံး ညှိလေ့ရှိတယ်။ ဒါပေမဲ့ စစ်ရေးအနေအထားကို ကြည့်ပြီး တစ်ခါတစ်ခါ ညှိလို့မကောင်းတဲ့ ညှိချိန်မရှိတဲ့ စစ်ရေးတွေလည်း ရှိပါတယ်။ ဖလမ်းဂွင် စစ်ရေးနဲ့ ပတ်သက်ပြီး ညှိနှိုင်းခဲ့တာတွေ ရှိ၊ မရှိ သက်ဆိုင်ရာ CNO က စစ်ရေးတာဝန်ရှိတွေ ပိုသိပါလိမ့်မယ်"

ချင်းပြည်နယ် ဖလမ်းမြို့နယ်မှာ စစ်ကောင်စီက ဇန်နဝါရီ ၁၈ ရက် မနေ့ကစပြီး ည ၉ နာရီ နောက်ပိုင်း ညမထွက်အမိန့် ထုတ်ပြန်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။