ဖလမ်းမှာ လက်နက်ကြီးကြောင့် အသက်တစ်ရာကျော် အမျိုးသမီး သေဆုံးပြီး တစ်ဦးဒဏ်ရာရ

RFA Burmese
2023.11.27
ဖလမ်းမှာ လက်နက်ကြီးကြောင့် အသက်တစ်ရာကျော် အမျိုးသမီး သေဆုံးပြီး တစ်ဦးဒဏ်ရာရ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် စီဇာမွာလ်ရွာမှ စစ်ကောင်စီတပ်က ပစ်လိုက်သည့် လက်နက်ကြီးကျည်ကြောင့် သေဆုံးခဲ့သည့် ဒေါ်ရမ်းထလွန်အား တွေ့ရစဉ်။
Citizen Journalist

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် စီဇာမွာလ်ရွာက နေအိမ်တစ်လုံးပေါ်ကို နိုဝင်ဘာ ၂၇ ရက်ဒီနေ့မနက်အစော ၁ နာရီခန့်မှာ စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် (၁၀၆) နှစ် အရွယ် ဒေါ်ရမ်းထလွန် သေဆုံးပြီး ဒေါ်ရမ်းထလွန်ရဲ့ သမီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေါ်ရမ်းထလွန်ဟာ ဘယ်ဘက်ခြေထောက်မှာ လက်နက်ကြီးကျည်ထိမှန်ခဲ့ပြီး နေရာမှာတင် သေဆုံးခဲ့သလို သူရဲ့ သမီးဖြစ်သူ အသက် ၇၃ နှစ်အရွယ် အမျိုးသမီးကတော့ ဒဏ်ရာရခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိသားစုဝင်နဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

“အကုန်အိပ်နေကြချိန်မှာ လက်နက်ကြီး ကျလာတာ။ တပ်ကုန်းကနေ ပစ်တာလို့ ပြောတယ်၊ သေချာတော့ မသိဘူး။ အဖွားကတော့ ပွဲချင်းပြီး သေသွားတယ်၊ သူ့သမီးကတော့ ဆေးရုံမှာ။ အဲဒီအိမ်မှာ သားအမိ နှစ်ယောက်တည်း နေကြတာ၊ သူတို့ နေအိမ်လည်း ပျက်စီးသွားတယ်”

သေဆုံးသူကို နိုဝင်ဘာ ၂၇ ရက်မနက် ၁၀ နာရီဝန်းကျင်မှာ မြေမြှုပ်သင်္ဂြိုဟ်ခဲ့ပြီး ဒေါ်ရမ်းထလွန်ရဲ့ သမီးကတော့ ဖလမ်းမြို့ ပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။

စီဇာမွာလ်ရွာဟာ ဖလမ်းမြို့ကနေ နှစ်မိုင်ခန့်သာကွာဝေးပြီး နေအိမ်ငါးဆယ်ဝန်းကျင်နဲ့ လူဦးရေနှစ်ရာကျော် နေထိုင်ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီလက်နက်ကြီးကျည်ကို ဖလမ်းမြို့အခြေစိုက် စစ်ကောင်စီတပ်ကုန်းကနေ ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောပေမယ့် RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရရှိဖို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ် ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးကျော်စိုးဝင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။

နိုဝင်ဘာ ၂၆ ရက်နေ့ကလည်း မင်းတပ်မြို့မှာရှိတဲ့ မြို့မနှစ်ချင်း ခရစ်ယာန်ဘုရားဝန်းထဲကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ခရစ်ယာန်ဓမ္မအမှုတော်ဆောင် ဆရာမတစ်ဦးနဲ့ ဒေသခံ အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။