စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ်ထဲမှာ တိုက်ပွဲတွေဖြစ်ခဲ့တာ မှန်တယ်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဩဂုတ်လ ၂၂ ရက်ဒီနေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဝန်ခံခဲ့ပါတယ်။
"သံတောင် ဘို့မဘက်မှာ တိုက်ပွဲဖြစ်ခဲ့တာရှိပါတယ်။ ဒီနဲ့ ဝေးပါတယ်။ နေပြည်တော်နဲ့ ဆို အရှေ့တောင် ပြောရမယ်ဆို ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ ကယားပြည်နယ် ဆက်စပ်နေပါတယ်။ ဒါကလည်း ကယားပြည်နယ်ထဲက PDF အကြမ်းဖက်လို့ပဲ မြင်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ လုံခြုံမှုရှိအောင် ဆောင်ရွက်ပြီးဖြစ်ပါတယ်"
ထိခိုက်ကျဆုံးမှုအခြေနေကိုတော့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပါဘူး။
ပျဉ်းမနားမြို့နယ်ထဲက ဘို့မသံတောင်နဲ့ အနီးတစ်ဝိုက်ကရွာတွေမှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းတွေကို ဩဂုတ်လ ၁၀ ရက်နေ့ကနေ ၁၃ ရက်အထိ သံတောင်မြောက်ပိုင်း (အထူးဒေသ)- NTDF နဲ့ ဖယ်ခုံ သစ်ကြိတ် (1004) PDF တပ်ရင်းတို့ ပူးပေါင်း တိုက်ခိုက်ခဲ့တယ်လို့ NTDF ကဩဂုတ်လ ၁၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနအပါအဝင် စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသူတွေကတော့ လမ်းများအားလုံး နေပြည်တော်သို့ဆိုပြီး စစ်ရေးရည်မှန်းချက်ထား တိုက်ခိုက်နေတယ်လို့ ပြောထားပါတယ်။
နေပြည်တော်ဟာ စစ်ကောင်စီရုံးစိုက်တဲ့မြို့ဖြစ်တာကြောင့် မြို့အဝင်၊ အထွက်တွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးသလို မြို့ပေါ်က အချက်အချာကျတဲ့နေရာတွေမှာလည်း စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေ လုံခြုံရေးအပြည့်နဲ့ တင်းကျပ်ထားပါတယ်။