သရော်စာဖော်ပြခဲ့တဲ့ တနင်္သာရီဂျာနယ်ကို အပြစ်ရှိတယ်လို့ တရားရုံးဆုံးဖြတ်


2019.02.18
fake-smile-622.jpg တနင်္သာရီဂျာနယ်မှာ ဖော်ပြခဲ့တဲ့ မဲဆွယ်အပြုံး အမည်ရှိတဲ့ သရော်စာကို တွေ့ရစဉ်
Photo: Dawei Watch

တနင်္သာရီဂျာနယ်အမှုမှာ ဖော်ပြခဲ့တဲ့ သရော်စာဟာ တနင်္သာရီတိုင်း အစိုးရအဖွဲ့ကို ဂုဏ်သိက္ခာ ကျဆင်းအောင် ရေးသားတဲ့အတွက် အပြစ်ရှိတယ်လို့ ဒီနေ့ ထားဝယ်မြို့နယ် တရားရုံးက ဆုံးဖြတ်ပြီး ဒဏ်ငွေ ငါးသိန်း ဒါမှမဟုတ် ထောင်ဒဏ် ၆ လ ကျခံဖို့ အမိန့်ချမှတ်လိုက်ပါတယ်။

တရားရုံးဆုံးဖြတ်ချက်အပေါ် ဒဏ်ငွေ ၅သိန်း ပေးဆောင်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ တနင်္သာရီဂျာနယ် တာဝန်ခံ အယ်ဒီတာ ဦးမျိုးအောင်က RFA ကို ပြောပါတယ်။

ဒီအမှုဟာ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့ထုတ် တနင်္သာရီဂျာနယ်မှာ မဲဆွယ်အပြုံးအမည်နဲ့ ကလောင်ရှင် မူးဆေးအိုက သရော်စာရေးသား ဖော်ပြခဲ့တာကြောင့် တနင်္သာရီတိုင်း အစိုးရအဖွဲ့က မီဒီယာဥပဒေပုဒ်မ ၂၅ (ခ) နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

တိုင်းအစိုးရအဖွဲ့ရဲ့ တိုင်ကြားမှုကို ထားဝယ်မြို့နယ် တရားရုံးမှာ ၁ နှစ်ကျော်ကာလအတွင်း ရုံးချိန်း ၃၆ ကြိမ် ခေါ်ယူခဲ့ပြီး ဒီနေ့ အပြီးသတ် အမိန့်ချမှတ်လိုက်တာပါ။

မီဒီယာဥပဒေပုဒ်မ ၂၅ (ခ) ဟာ လူတစ်ဦးတစ်ယောက်ကို အသရေပျက်စေမှုအတွက် စွဲဆိုတဲ့ ပုဒ်မဖြစ်ပြီး ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားရင် ငွေဒဏ် ၃ သိန်းကနေ ၁၀ သိန်းအထိ ချမှတ်နိုင်တယ်လို့ ပြဌာန်းထားတာ ဖြစ်ပါတယ်။

မဲဆွယ်အပြုံးဆိုတဲ့သရော်စာကို ပြီးခဲ့တဲ့ တစ်နှစ်ကျော်က တနင်္သာရီဂျာနယ်မှာ ဖော်ပြခဲ့တာကြောင့် တိုင်းဒေသကြီးအစိုးရအဖွဲ့က ဂျာနယ် တာဝန်ခံအယ်ဒီတာကို သတင်းမီဒီယာဥပဒေပုဒ်မ ၂၅ (ခ) နဲ့ တရားစွဲဆိုခဲ့ပါတယ်။

ဒီအမှုကို ထားဝယ်မြို့နယ် တရားရုံးမှာ ရုံးချိန်းပေါင်း ၃၀ကျော် နဲ့ အချိန် တစ်နှစ်ကျော်ကြာ စစ်ဆေးခဲ့ပြီး တနင်္သာရီဂျာနယ်မှာ ရေးသားခဲ့တဲ့ သရော်စာဟာ တိုင်းအစိုးရအဖွဲ့ကို ဂုဏ်သိက္ခာကို ထိခိုက်အောင်ရေးသားထားတာကြောင့် အပြစ်ရှိတယ်ဆိုပြီး ဒဏ်ငွေ ကျပ် ၅သိန်း ဒါမှမဟုတ် ထောင်ဒဏ် ၆လကျခံဖို့ အမိန့်ချမှတ်လိုက်တာဖြစ်ပါတယ်။

တရားရုံးအဆုံးအဖြတ်နဲ့ပတ်သက်လို့ တနင်္သာရီဂျာနယ် တာဝန်ခံအယ်ဒီတာ ဦးမျိုးအောင်က အခုလို ပြောပါတယ်။

"လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ပတ်သက်ပြီး စည်းတားသလိုဖြစ်သွားတာပေါ့ တပ်လှန့်သလို ဖြစ်သွားတာပေါ့ မီဒီယာသမားတွေက သူအလုပ်သူလုပ်နေကြပေမယ့် လက်ရှိအခင်းအကျင်းက ဒီလိုဖြစ်နေတယ်ဆိုတာ ဒီအမိန့်ကပြလိုက်တာပဲ"

တရားရုံးဆုံးဖြတ်ချက်အရ ငွေဒဏ် ကျပ် ၅ သိန်း ပေးဆောင်ခဲ့တယ်လို့ သိရပါတယ်။

ကလောင်ရှင် မူးဆေးအိုး ရေးသားတဲ့ မဲဆွယ်အပြုံးဟာ အုပ်ချုပ်ရေးမှူးတွေဟာ အရွေးချယ်မခံရခင် မဲဆွယ်တဲ့ကာလမှာ ပြည်သူတွေကို ပြုံးပြတဲ့ အပြုံးအကြောင်းနဲ့ မဲဆွယ်တဲ့ဇာတ်ကောင်ကို လက်ရှိနိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတွေနဲ့ထပ်ဟပ်အောင် သရော်ထားတာဖြစ်တယ်လို့ ဦးမျိုးအောင် က ပြောပါတယ်။

ဒီလိုရေးသားတာဟာ တိုင်းဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ ဂုဏ်သိက္ခာကျဆင်းအောင် ရေးသားတယ်ဆိုပြီး တရားစွဲဆိုခံခဲ့ရတာဖြစ်ပါတယ်။

အုပ်ချုပ်ရေးနဲ့ တရားရေးမဏ္ဍိုင်တွေဟာ မီဒီယာလွတ်လပ်ခွင့်နဲ့ပတ်သက်လို့ ရှုမြင်ပုံဟာ အန္တရာယ်ရှိတယ်လို့ ဦးမျိုးအောင် က ပြောပါတယ်။

"လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ပတ်သက်လို့ အုပ်ချုပ်ရေးမဏ္ဍိုင်က နားလည်သဘောပေါက် မှုအားနည်းတဲ့အတွက် အခုလို တရားစွဲဆိုတာတွေဖြစ်လာတယ် အဲတာကိုလည်း တရားရေးမဏ္ဍိုင်က လက်ခံတယ် လက်ခံပြီးတော့ လက်ခံပြီး စစ်ဆေးတယ် ပြီးတော့မ ှအပြစ်ရှိတယ်ဆိုပြီး အမိန့်ချတယ် ဒီမဏ္ဍိုင်နှစ်ရပ်နဲ့ ပတ်သက်ပြီး ကျွန်တော်တို့က မီဒီယာလွတ်လပ်ခွင့်အပေါ် ရှုမြင်မှုက မီဒီယာလောကအပေါ် အန္တရာယ်ရှိနေတဲ့ အနေထားဖြစ်နေတယ်"

သရော်စာမှာပါတဲ့ အကြောင်းအရာတွေဟာ အစိုးရအဖွဲ့ကို ထိခိုက်စေတဲ့နာမည်တွေ ဖော်ပြထားခြင်း မရှိတာကြောင့် အခုလို အမိန့်ချမှတ်တာဟာ ဝန်ခံသလိုဖြစ်သွားတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

"ကျွန်တော်တို့ဖတ်ရတဲ့အထဲမှာလည်း နာမည်တွေဘာတွေ ထည့်ရေးထားတာမရှိဘူးပေါ့နော် သရော်စာဆိုတော့ သရော်စာလို့ ရေးတယ်ပေါ့ အဲတာကို အခုကျ အပြစ်ရှိတယ်ဆိုပြီး အမိန့်ချမှတ်တယ်လို့ ကျွန်တော်တို့မြင်တယ် အဲကိစ္စနဲ့ပတ်သက်ပြီး တရားရုံးဆုံးဖြတ်ချက်ဟာ မှန်ကန်မှုမရှိဘူးလို့ ကျွန်တော်တို့သုံးသပ်တယ်"

ထားဝယ်ဒေသခံ ကိုဝေဖြိုး ပြောသွားတာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းက နိုင်ငံတော် အတိုင်ပင်ခံ ခရီးစဉ်အတွင်း တနင်္သာရီတိုင်းဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင်တွေကို တာဝန်ကနေ ဖယ်ရှားပေးဖို့ ဒေသခံပြည်သူတွေက တင်ပြတိုင်ကြားတာတွေ ရှိခဲ့ပါတယ်။

အတိုင်ပင်ခံရဲ့ ခရီးစဉ်မှာ တင်ပြတာတွေဟာ တနင်္သာရီဂျာနယ်မှာ ဖော်ပြတဲ့သရော်စာတွေထက် ဆိုးတယ်လို့  မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအဖွဲ့ဝင် ဦးမြင့်ကျော်က သူအမြင်ကိုပြောပါတယ်။

"ပြစ်ဒဏ်မကျသင့်တဲ့အမှုလို့ ကျွန်တော်ထင်ပါတယ် ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်မှာ ဂုဏ်သိက္ခာထိခိုက်မယ်ဆို  ဝန်ကြီးချုပ်ကို ပြောတာ တိုင်ကြားတာတွေက ဒီထက်တောင် ၅ဆလောက်များတာတွေ ထိခိုက်မယ်ဆို ထိခိုက်စရာတွေ အများကြီးရှိတယ် ဒီသရော်စာက ထိခိုက်စရာ ဘာမှမရှိဘူး"

ဒီလိုအမိန့်ချမှတ်တာဟာ အာဏာရှိသူတွေ၊ အစိုးရအဖွဲ့ဝင်တွေအပေါ် သရော်စာရေးတာ၊ ဝေဖန်တာတွေကို လက်မခံဘူးဆိုတာ ပြသနေပြီး မီဒီယာလွတ်လပ်ခွင့်ကို ခြိမ်းခြောက်နေတယ်လို့ ဦးမြင့်ကျော် က ပြောပါတယ်။

တနင်္သာရီဂျာနယ်ကို အပြစ်ရှိတယ်ဆိုပြီး အမိန့်ချမှတ်လိုက်တာနဲ့ ပတ်သက်လို့ အယူခံဝင်၊ မဝင်ကို ရှေ့နေတွေနဲ့ တိုင်ပင်ကာ ဆက်လက်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်ခင်ဗျာ။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။