ရန်ကုန်မှာ သပိတ်စစ်ကြောင်း စစ်ကားနဲ့တိုက်ပြီး ဖြိုခွင်းခံရ၊ ငါးဦး သေဆုံး

2021.12.05
ရန်ကုန်မှာ သပိတ်စစ်ကြောင်း စစ်ကားနဲ့တိုက်ပြီး ဖြိုခွင်းခံရ၊ ငါးဦး သေဆုံး ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်မှာ ၂၀၂၁ ဒီဇင်ဘာ ၅ ရက်နေ့က စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြစဉ်
Photo: AFP

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းပေါ်မှာ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေတဲ့ လူငယ်သပိတ် စစ်ကြောင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ကားနဲ့ ဝင်တိုက်ပြီး ပစ်ခတ်ဖြိုခွဲခဲ့ပါတယ်။

ဒီကနေ့ မနက် ၉ နာရီလောက်မှာ လမ်းလျှောက်ချီတက်ဆန္ဒပြနေတဲ့ လူငယ်တွေကို အနောက်ကနေ အရှိန်ပြင်းပြင်းမောင်းနှင်လာတဲ့ Tata Xenon GS 800 စစ်ကားတစ်စီးက ဝင်တိုက်ခဲ့ပြီး ပစ်ခတ်ဖမ်းဆီး ခဲ့တာကို အခင်းဖြစ်နေရာနားမှာ ရှိနေသူတွေ ရိုက်ကူးထားတဲ့ ဗီဒီယိုမှတ်တမ်းတွေမှာ တွေ့ရပါတယ်။

ဒီလို ကားနဲ့ ဝင်တိုက်ခံရတာကြောင့် ဆန္ဒပြလူငယ်တချို့ နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ကနဦးအရ သေဆုံးတဲ့သူ အနည်းဆုံး ငါးယောက်ရှိတယ်လို့ သတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။

ဖမ်းဆီးခံရသူ ၁ဝ ကျော်ရှိပြီး ဒဏ်ရာပြင်းပြင်းထန်ထန်ရပြီး အသက်လု ထွက်ပြေးလွတ်မြောက်လာသူ တွေလည်း ရှိပါတယ်။

"နာကျည်းချက်သည် စစ်ကောင်စီကို ပိုပြီးတော့ တိုက်ထုတ်ရမယ်၊ ပိုပြီးတော့ တော်လှန်ရမယ်ဆိုတဲ့ အတွေးမျိုးတွေပေါ်လာတယ်”

ကားနဲ့ဝင်တိုက်ပြီးတဲ့နောက် စစ်ကားပေါ်ကနေ စစ်သားတချို့ဆင်းလာပြီး ဆန္ဒပြလူငယ်တွေကို သေနတ်ဒင်နဲ့ လိုက်ထုနှက်ခဲ့ပြီး သေနတ်နဲ့လည်း ပစ်ခတ်ခဲ့တယ်လို့ အဲဒီနေရာမှာ သတင်းယူရင်း ကိုယ်တွေ့ကြုံခဲ့ရတဲ့ ရန်ကုန်မြို့ခံ သတင်းထောက် တစ်ယောက်က RFA ကို ပြောပါတယ်။

“နောက်မှာက YBS တစ်စီးက ခံနေတယ်။ လူတွေက မမြင်ရဘူး။ အဲဒီ YBS ကို ကျော်ပြီး ဝင်တိုက်တာပေါ့။ ကျွန်တော်နောက်ကို ပြန်လှည့်ကြည့်တဲ့အချိန်မှာတော့ အများကြီးပဲ လူတွေလဲနေကြတယ်။ တချို့တွေက ခေါင်းတွေကွဲတဲ့သူလည်းကွဲ၊ တချို့တွေက မထနိုင်ဘူး လှုပ်စိလှုပ်စိ၊ တချို့တွေကျတော့လည်း နည်းနည်း ထပြီး ပြေးကြတာပေါ့။ ကျွန်တော့်ကို လိုက်ပစ်တဲ့အချိန်မှာ ကျွန်တော်က ပြေးတာပေါ့ဗျာ။ ကံကောင်းချင် တော့ ကျွန်တော့်ကို ပစ်လိုက်တဲ့အချိန်မှာ ချော်လဲသွားတော့ ကံကောင်းသွားတယ်၊ ကျွန်တော့်ခေါင်းပေါ် က ကျည်ဆန်က သွားနေတယ်။ တိုက်တိုက်ဆိုင်ဆိုင် ချော်လဲသွားတော့ ကျွန်တော့်ကို ဘာမှမထိလိုက်ဘူး။ တခြားသူတွေကတော့ သေနတ်ဒင်နဲ့ ရိုက်ခံရသူတွေ၊ အကြမ်းဖက်ခံရသူတွေ၊ ပစ်ခံရသူတွေရော၊ ကားနဲ့ တက်ကြိတ်ခံရသူတွေရော အများကြီးရှိတယ်”

အဲဒီဆန္ဒပြပွဲကို သတင်းယူခဲ့တဲ့ သတင်းထောက် တစ်ယောက် အပါအဝင် ဆန္ဒပြပွဲမှာပါဝင်တဲ့ လူငယ် ၁၀ ယောက်ကျော် အဖမ်းခံခဲ့ရတယ်လို့လည်း သူက ဆိုပါတယ်။

ဆန္ဒပြနေကြတဲ့လူအုပ်ကို နောက်ကနေ ကားနဲ့ဝင်တိုက်ခဲ့တဲ့ ဖြစ်စဉ်မှာ ပါဝင်နေတဲ့ စစ်သားတွေဟာ ရန်ကုန်တိုင်း စစ်ဌာနချုပ်ကဖြစ်တာကို အခင်းဖြစ်တဲ့နေရာနားမှာရှိတဲ့သူတွေ ရိုက်ကူးထားတဲ့ ဓာတ်ပုံမှတ်တမ်းတွေအရ တွေ့ရပါတယ်။

စစ်ကားနဲ့ ဝင်တိုက်ပြီးတဲ့နောက် သေဆုံးတယ်လို့ယူဆရတဲ့သူ ငါးယောက်လောက်ကို လူနာတင်ကားနဲ့ သယ်သွားတယ်လို့ အနီးမှာနေထိုင်တဲ့ မျက်မြင်တွေ့သူက ပြောပါတယ်။

“တော်တော်လေး ဆိုးဆိုးရွားရွားထိတယ် ငါးယောက်လောက်ရှိတယ်။ သေနတ်နဲ့ပစ်တာကတော့ ဘယ်ကို ပစ်လည်း မသိဘူး၊ အတွင်းထဲကနေတော့ ကြားလိုက်ရတယ်။ ဒီအတိုင်း လူနာတင်ကားပေါ် ထပ်တင်သွား တာ ရှိသေးတယ်၊ ခေါင်းထိသွားတဲ့ သူတွေရော၊ လက်ထိသွားတဲ့ သူတွေရော။ ဒီဘက်က ကွယ်နေလို့ မမြင်ရဘူး။ ကွယ်နေလို့ မမြင်ရဘူး။ နောက်ထပ် ရဲကားနဲ့ ရဲယူနီဖောင်းနဲ့ ရောက်လာတော့ အချုပ်ကားနဲ့ ထပ်ဖမ်းသွားတယ်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အော်စမ်းမရပ်နဲ့ဆိုပြီး အော်ခိုင်းနေတာရှိတယ်။ (ဒေါ်အောင်ဆန်းစုကြည်) အမေ့သားတွေဆိုရင် ဆက်အော်ပေါ့လေ။ ကြည့်ရတာ ကန်ကျောက်နေတယ် ထင်ပါတယ်၊ ကျွန်တော့် စိတ်ထင်တော့”

လမ်းပေါ်မှာလည်း သွေးကွက်တချို့၊ ဦးထုတ်၊ ဖိနပ်စတဲ့ လူ့အသုံးအဆောင်တချို့ ပြန့်ကျဲနေခဲ့သလို ဒီဖြစ်ရပ်ကို မြင်လိုက်တဲ့ အနီးနားနေထိုင်သူတချို့လည်း စိတ်မကောင်းတွေဖြစ်ပြီး ငိုကြွေးနေကြတယ်လို့ ဆိုပါတယ်။

အဲဒီဖြစ်စဉ်မှာ ထိခိုက်ဒဏ်ရာရခဲ့တဲ့သူတွေကို ရန်ကုန် ကုတင် ၅၀၀ ဆေးရုံကို ပို့ပေးခဲ့တယ်လို့ ရန်ကုန်မြို့က ပရဟိတအဖွဲ့ရဲ့ ဥက္ကဋ္ဌ တစ်ယောက်က ပြောပါတယ်။ သူတို့ ဆေးရုံကို ပို့ပေးခဲ့တဲ့သူတွေထဲမှာတော့ အသေ အပျောက် မရှိသေးဘဲ ဒဏ်ရာပြင်းထန်တယ်လို့ ဆိုပါတယ်။

“ဒီလူနာတွေအားလုံးကတော့ အသေအပျောက်တော့ မရှိပါဘူး။ လက်ရှိဆေးရုံမှာ ဆေးကုသမှု ခံယူနေ တယ်။ ကျွန်တော်တို့ ဖြစ်စဉ်ကို ရောက်ရှိချိန်မှာ မြေပြင်ပေါမှာ နှစ်ဦးလဲနေတယ်။ မ တစ်ဦး၊ ကျား တစ်ဦး ပြီးတော့ နောက်တစ်ယောက်က ထိုင်လျက်အနေအထား ခေါင်းပေါက်နေတယ်။ သူ့ကိုတော့ ဒီဆန္ဒပြတဲ့ သူတွေထဲကပဲ ခဏခေါ်ထားတာပေါ့၊ ဖမ်းဆီးရတဲ့ သူတွေနဲ့ ခဏခေါ်ထားတဲ့အတွက်ကြောင့် သူ့ကိုလည်း ဆေးကုသမှုပြုလုပ်ပြီးတော့ ကုတင် ၅၀၀ ဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်”

ဆေးရုံရောက်တဲ့ သုံးယောက်ထဲက အမျိုးသမီးတစ်ယောက် ဦးခေါင်းအရေပြား လန်ထွက်ခဲ့သလို ပွန်းပဲ့ ဒဏ်ရာတွေလည်း ရခဲ့တယ်လို့ ဆိုပါတယ်။

အမျိုးသားတစ်ယောက်ကတော့ ကျောရိုးထိခိုက် ဒဏ်ရာရခဲ့ပြီး နောက်အမျိုးသားတစ်ယောက်က ခေါင်းပေါက်ပြဲဒဏ်ရာရခဲ့တာဖြစ်တယ်လို့ သူက ပြောပြပါတယ်။

ဆန္ဒပြသူတွေကို ကားနဲ့ဝင်တိုက်တဲ့ ဒီအဖြစ်နဲ့ပတ်သက်လို့ စစ်ကောင်စီကို မေးမြန်းနိုင်ဖို့ RFA က ဆက်သွယ်ဖို့ ကြိုးစားပေမယ့် လတ်တလော ဖုန်းလိုင်းဆက်သွယ်လို့ မရသေးပါဘူး။

ygn.jpg
(ကြည့်မြင်တိုင်မြို့နယ်မှာ ၂၀၂၁ ဒီဇင်ဘာ ၅ ရက်နေ့က ဆန္ဒပြပွဲကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖြိုခွင်းခဲ့လို့ ဒဏ်ရာရရှိခဲ့သူ တစ်ဦးကို တွေ့ရစဉ်) Photo: AFP

ဆန္ဒပြလူထုလှုပ်ရှားမှုတွေကို ရပ်တန့်အောင်လုပ်ဖို့ စစ်ကောင်စီဘက်က အခုလို အကြမ်းဖက်တဲ့ နည်းလမ်း ပေါင်းစုံကို သုံးလာတာကြောင့် မြေပေါ်ဆန္ဒပြလှုပ်ရှားသူတွေ ပိုသတိထားသင့်တယ်လို့ တက္ကသိုလ် ကျောင်းသား ဟောင်းများအင်အားစုက ကိုဇေယျာလွင်က ပြောပါတယ်။

“စစ်ကောင်စီက အကြမ်းဖက်တဲ့နည်းလမ်း ဘယ်လိုပုံစံမျိုးမဆို ကျွန်တော်တို့ မစဉ်းစားထားမိလောက်တဲ့ ရက်စက်တဲ့ အပြုအမူမျိုးတွေ၊ ယုတ်မာတဲ့အပြုအမူမျိုးတွေ လုပ်မှာပဲ။ ဒါပေမဲ့ ဒီနေ့ အဖြစ်အပျက်က ကျွန်တော်နားလည်သလောက် ထောင်ကထွက်လာကတည်းက ဆန္ဒပြပွဲတွေကို အဲဒီလောက်အထိလုပ်တာ (ဖြိုခွင်းတာ) မရှိသေးဘူး။ လူနဲ့ဆွဲတာလောက်ပဲ မြင်တွေ့တာပေါ့နော်။ ကားနဲ့တိုက်ပြီး သေနတ်နဲ့ပစ်ပြီး ဆိုတဲ့ အဆင့်က ဘာကိုပြလဲဆိုတော့ ရှေ့လာမယ့် ဆန္ဒပြပွဲတွေ ဆိုလို့ရှိရင်လည်း ဖြိုခွင်းတော့မယ်ဆိုတာ ကို အသိပေးတဲ့သဘော ဖြစ်သွားတယ်။ ကျွန်တော်တို့ဆီက မြေပေါ်လှုပ်ရှားတဲ့သူတွေ ပိုပြီးသတိထား ရမယ့် သဘောဖြစ်သွားတာပေါ့။ သေဆုံးသွားတဲ့သူတွေ အတွက်လည်း တကယ်ကို စိတ်မကောင်းပါဘူး”

စစ်ကောင်စီကနေ ဆန္ဒပြလူအုပ်ထဲကို ကားနဲ့ဝင်တိုက်တာဟာ လူမဆန်တဲ့လုပ်ရပ်ဖြစ်ပြီး လူထုအတွက် နာကျည်းချက်တွေ ပိုပြီးဖြစ်စေတယ်လို့ မန္တလေးသပိတ်အင်အားစု သပိတ်ဦးဆောင်သူ ကိုသူရအောင်က ပြောပါတယ်။

“စစ်ကောင်စီကတော့ သူတို့နဲ့ဆန့်ကျင်နေတဲ့ သူတွေအားလုံးကို လူမဆန်တဲ့ လုပ်ရပ်တွေနဲ့ ဖြိုခွင်းတယ်။ ကားတွေနဲ့ တိုက်တယ်။ သေနတ်တွေနဲ့ ပစ်တယ်။ ဒီအပေါ်မှာ ကျွန်တော်တို့အနေနဲ့ လုံးဝပြင်းပြင်း ထန်ထန် ရှုတ်ချပါတယ်။ သူတို့ ကျွန်တော်တို့ ခံစားရသလိုမျိုးပဲ တန်ပြန်တဲ့ခံစားမှုမျိုးကို ခံစားစေရပါ မယ်လို့ ပြောချင်တယ်။ နာကျည်းချက်သည် စစ်ကောင်စီကို ပိုပြီးတော့ တိုက်ထုတ်ရမယ်၊ ပိုပြီးတော့ တော်လှန်ရမယ်ဆိုတဲ့ အတွေးမျိုးတွေပေါ်လာတယ်”

ဒီနေ့ ကားနဲ့ တိုက်ခံရတဲ့ဖြစ်စဉ်ဖြစ်ခဲ့ပေမယ့်လည်း ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးတချို့မှာ ပြောက် ကျားပုံစံနဲ့ ဆန္ဒပြလှုပ်ရှားမှုတွေ ဆက်ရှိနေပါတယ်။ ဒီနေ့ ကားနဲ့ တိုက်ခံရတဲ့သူတွေ ဖမ်းဆီးခံရတဲ့သူတွေ အတွက် လက်တုံ့ပြန်သွားမယ်လို့ ရန်ကုန်တိုင်းထဲမှာ လုပ်ရှားနေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ ဒေသခံခုခံကာကွယ်ရေး PDF အဖွဲ့ဖြစ်တဲ့ ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က ကြေညာချက်ထုတ်ပြန်ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2021-12-05 15:20

Ok